ဆေးလိပ်သောက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့တာ၊ နေ့စဉ်နေထိုင်မှုအလေ့အထတွေမမှန်ကန်တာနဲ့ မျိုးရိုးလိုက်တာတွေ ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေဖြစ်နိုင်ပါတယ်။
မျက်နှာပေါ်ကအရေးအကြောင်းတွေနဲ့ အသားရေပျက်စီးမှုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။
အသားအရေတင်းရင်းလှပစေမယ့် ကုထုံးများအကြောင်း
လေဆာကုထုံး – ရောင်ခြည်တွေကိုအခြေခံထားတဲ့ကုထုံးပါ။
အသားအရေကိုတင်းရင်းစေရုံတင်မကဘဲအသားအရေကိုချောမွေ့ပြီးအသားအရောင်ကောင်းမွန်စေတဲ့အပြင် အမာရွတ်တွေကိုပါသက်သာစေနိုင်ပါတယ်။ အသားအရောင်မညီတာတွေကိုပါ သက်သာစေတဲ့ကုထုံးပါ။
Botox ထိုးမယ် – မျက်နှာပေါ်ကအရေပြားအတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေလျော့ရဲမှုတွေကိုသက်သာစေဖို့ အရေပြားထဲကိုဆေးထိုးထည့်ရတဲ့ ကုထုံးပါ။ အရေးအကြောင်းကင်းပြီးတင်းရင်းလှပတဲ့ အသားအရေကိုရရှိမှာပါ။
Filler ထိုးမယ် – အသားအရေတွေကိုပြန်ပြည့်လာစေတဲ့ ကုထုံးတစ်ခုပေါ့။ မျက်နှာပေါ်ကလျော့ရဲသွားတဲ့အသားအရေတွေကို ပြန်လည်ပြည့်ဖြိုးလာစေဖို့ထိရောက်တဲ့နည်းလမ်းပါ။ အသက်အရွယ်ရလာလို့ ပါးနဲ့ နှုတ်ခမ်းအရေပြားတွေတင်းရင်းမှု အားနည်းလာတာတွေအတွက် အထူးသင့်တော်ပါတယ်။
Chemical Peeling လုပ်မယ် – အပေါ်ယံအရေပြားပေါ်ကဆဲလ်သေတွေကိုဆေးရည်အသုံးပြုပြီးဖယ်ရှားတဲ့နည်းလမ်းပါ။ နေလောင်တာကြောင့်ပျက်စီးတာ၊ ဝက်ခြံ၊ အသားအရေမညီတာ၊ အမာရွတ်နဲ့ မျက်နှာနဲ့လည်ပင်းပေါ်ကအရေးအကြောင်းတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
ကြိုးထိုးမယ် – ဒီနည်းလမ်းကနဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းကလျော့ရဲနေတဲ့ အရေပြားတွေကိုတင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်ကအရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်းဒီနည်းလမ်းကအသုံးဝင်ပါတယ်။
ဒီကုထုံးမှာ ကြိုးစကိုဆံစပ် ဒါမှမဟုတ် နားရွက်နောက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကိုအရာပေးထားတဲ့အတိုင်းသေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကိုတွယ်ဆက်ပေးပြီးအသားအရေကိုသဘာဝအတိုင်းချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။
Retinol Creamလိမ်းမယ် – မျက်နှာပြင်နဲ့အရေးအကြောင်းဖြစ်နေတဲ့ နေရာတွေကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိမ်းပေးရုံပါ။ အသားအရေကိုညီညာချောမွေ့စေပြီးအရေးအကြောင်းကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေကိုသက်သာစေနိုင်ပါတယ်။
Microneedlingနည်းလမ်းသုံးမယ် – ပိုးသတ်ထားတဲ့အပ်သေးသေးလေးတွေကိုအသုံးပြုရတဲ့ ကုထုံးပါ။ အရေပြားမှာအပေါက်သေးသေးလေးတွေဖြစ်စေပြီးအရေပြားကိုကော်လာဂျင်အသစ်တွေထုတ်လုပ်အောင်လှုံ့ဆော်ပေးပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့၊ချွေးပေါက်ကျဉ်းစေဖို့၊ အရေးအကြောင်းတွေသက်သာစေဖို့အတွက်အသုံးပြုလို့ရပါ တယ်။
အသံလှိုင်းသုံးကုထုံးသုံးမယ် – အရေပြားတင်းရင်းလှပစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ ရေဒီယိုအသံလှိုင်းကိုအသုံးပြုပြီးအရေပြားကိုအပူပေးလို့ မျက်နှာ၊လည်ပင်းနဲ့ ခန္ဓာကိုယ်ပေါ်ကအရေးအကြောင်းတွေကိုဖယ်ရှားပေးတဲ့ကုထုံးပါ။ အရေပြားကိုတင်းရင်းစေပြီးကော်လာဂျင်ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ကုထုံးခံယူချိန်မှာနည်းနည်းနေရခက်ပေမယ့် ရလဒ်ကောင်းတဲ့ ကုထုံးတစ်ခုပါ။

















