ရွှေပြည်သာမြို့နယ်တွင် ငါးဖမ်းစက်လှေ၌ အလုပ်လုပ်ကိုင်ရန် စည်းရုံးခဲ့ပြီး လုပ်အား ခငွေများခေါင်းပုံဖြတ်ကာ နှိပ်စက်ခဲ့သည်ဆိုသူများကို စက်တင်ဘာ ၁၇ ရက်က အမှုဖွင့်အရေး ယူခဲ့သည်။
ငါးဖမ်းစက်လှေသို့ ရောင်းစားခံရပြီးနောက် ပြန်လည်ရောက်ရှိလာသည့် အမျိုးသားတစ်ဦးသည် ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ၁၇ရက် နံနက် ၁၁ နာရီခွဲခန့်က ရောက်ရှိနေကြောင်းသတင်းအရ အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဌာနစုမှ ဒုရဲမှူးဝေလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ရေလုပ်သားအဖြစ်ရောင်းစားခံရသူမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်းက နေအိမ်တွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဆရာမ(ခ) မထားထား (၄၇ နှစ်)က မွန်ပြည်နယ် ကျိုက္ခမီမြို့ရှိ ရေလုပ်ငန်း၌ အလုပ်လုပ်ကိုင်ပါက တစ်ရာသီလျှင် ကျပ် ၁၀/ ၁၂ သိန်းရရှိမည်ဖြစ်ကြောင်း၊ ယနေ့ည သွားရောက်မည်ဖြစ်သဖြင့် လိုက်ပါလိုပါက နေအိမ်သို့ ညနေ ၅ နာရီတွင် လာရောက်ရန် ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
၎င်းက အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာ ကျိုက္ခမီမြို့ကမ်းနား(၄)လမ်းထိပ်နေ ပွဲစား ဒေါ်ပုတို (၆၀)နှစ် နှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊၎င်းက ရေလုပ်ငန်းတွင် လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ်၁၅၀ဝ၀ဝ ရမည်ဖြစ်ကြောင်း၊ အောက်ဆိုဒ်လည်းရမည်ဖြစ်ကြောင်း၊သွားရောက်လုပ်ကိုင်လိုပါက ပွဲစားခ ငွေကျပ် ၅၀ဝ၀ဝ ပေးရမည်ဖြစ်ကြောင်း၊ ကျိုက္ခမီမြို့သို့ရောက်ပါကကြိုတင်ငွေထုတ်ပေး မည်ဖြစ်ကြောင်း ပြောဆို သဖြင့် လိုက်ပါရန် သဘောတူခဲ့သည်ဟု သက်ဆိုင်ရာထံထွက်ဆိုခဲ့သည်။
ဒေါ်ပုတို၏ သားဖြစ်သူ ဇော်မိုး၊ (၃၁)နှစ်ခန့်က အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ထို့မှတစ်ဆင့် ခရီးသည်တင် ယာဉ်လိုင်းဖြင့်ကျိုက္ခမီမြို့ သို့ရောက်ရှိခဲ့သည်။
ဇော်မိုး ဆက်သွယ်ခေါ်ယူသည့် ပွဲစား ဒေါ်ပိန်သေး ဆိုသူ ရောက်ရှိလာပြီး ဇော်မိုးနှင့် ဒေါ်ပိန်သေးတို့က ကျူးလွန်ခံရသူအမျိုးသားကိုစက်လှေပိုင်ရှင် ချစ်စု ထံသို့ ခေါ်ဆောင်သွားခဲ့ကာ ချစ်စုက ၎င်းကို ရေလုပ်သားကတ်လုပ်ရန်ပြောဆိုခဲ့သည်။
ဇော်မိုးနှင့်ဒေါ်ပိန်သေးတို့က ကျိုက္ခမီမြို့ထဲတွင် ရေလုပ်သားကတ်လုပ်ပေးခဲ့ကာ ဇော်မိုး၏နေအိမ်တွင် နှစ် ညအိပ်နေထိုင်စဉ်အတွင်း လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်အတွက်ကြိုတင်ငွေကိစ္စမေးမြန်းရာ ဒေါ်မိုးက ထုတ်မရသေးကြောင်းနှင့် လိုအပ်သည့် ပစ္စည်းများကို စိုက်ဝယ်ပေးမည် ဖြစ်ကြောင်း၊ ကြိုတင်ငွေရရှိပါကကုန်ကျငွေများကို ပြန်ထုတ်ယူရန်ပြောဆိုခဲ့သည်။
ဇော်မိုးက ငွေကျပ် ၅သိန်း ထုတ်ယူမည်ဖြစ်ကြောင်းပြောဆိုသဖြင့် ကုန်ကျငွေသာ ထုတ်ယူရန် ကျူးလွန်ခံရသူအမျိုးသားက ပြောဆိုခဲ့သည်။စက်တင်ဘာ ၁ ရက်တွင် လှေပိုင်ရှင်သူဌေး ချစ်စု ပိုင်သည့် စက်လှေ တွင် လိုက်ပါခဲ့ပြီး ချစ်စုက ပဲ့နင်းအဖြစ် လုပ်ကိုင်ကာ စက်တင်ဘာ ၂ရက်တွင် ပင်လယ်အတွင်းသို့ ရောက်ရှိ၍ ငါးဖမ်းလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။
ထိုသို့ လုပ်ကိုင်စဉ် စက်လှေ ပေါ်တွင် ငါးဖမ်းလုပ်ငန်းကို ဝိုင်းဝန်းလုပ်ကိုင်ရပြီး ညအိပ်ချိန်ပုံမှန်မရှိဘဲ စက်လှေပေါ်၌ ပဲနင်း ချစ်စု ၊ လှေဦးစီး (အမည်မသိနှင့် စားဖိုမှူးကရင်လေးတို့က စိတ်မရှည်သည့်အခါ ၄င်းကိုလက်သီးဖြင့်ထိုးခြင်း၊ ရိုက်နှက်ခိုင်းစေခြင်း ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
နေ့ရက်မမှတ်မိနေ့တွင် အလုပ်လုပ်နှေးသည်ဟု ပြောဆိုကာ ချစ်စု၊ လှေစီး (အမည်မသိ)နှင့် ကရင် လေးတို့က ၎င်းကို လှေဝမ်းပြင်တွင်ကပ်၍ ပက်လက်အနေအထား ကြိုးတုပ်ခဲ့သည်။ ထိုသို့ မပြုလုပ်ရန်ပြောရာ ပင်လယ်ထဲကန်ချပြီး သတ်ပစ်မည်ဟု ချစ်စုကပြောဆိုသည့်အပြင် ကရင်လေးက လက်သီးဖြင့်ထိုး ခြေဖြင့်ကန်ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ခြင်းကြောင့် ၎င်းက ကြိုးဖြေပေးရန် တောင်းပန်ပြောဆိုရာ ချစ်စုက လက်ကောက်ဝတ်ကို ဓားဖြင့်လှီးခဲ့ပြီးထိုးသတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။နောက်တစ်ရက် နံနက်ပိုင်းတွင် အခြားလှေတစ်စီးရောက်ရှိလာပြီး ကျူးလွန်ခံရသူအမျိုးသားကို ယင်းလှေပေါ်သို့ တင်ကာ ကျိုက္ခမီမြို့သို့ ပြန်ပို့ပေးခဲ့သည်။
ဇော်မိုး၏ ဇနီးဆိုသူက လာရောက်ကြိုပြီး ဇော်မိုး၏နေအိမ်သို့ သွားခဲ့ရာ စက်တင်ဘာ ၉ ရက်တွင် ရောက်ရှိခဲ့သည်။ ဇော်မိုးနှင့်တွေ့ဆုံ၍ အကျိုးအကြောင်းပြောပြရာ ဇော်မိုးက ကျိုက္ခမီမြို့ဆေးရုံသို့ လိုက်ပို့ပေးခဲ့ပြီး ဆေးရုံတွင်အတွင်းလူနာအဖြစ် ၅ ရက်ခန့် ဆေးကုသမှုခံခဲ့ရကြောင်း၊ ဇော်မိုး၏ နေအိမ်သို့ ပြန်ရောက်မှသာ လုပ်အားခ ကြိုတင်ငွေကျပ် ၂၅၀ဝ၀ဝ ကို ဇော်မိုးနှင့် ဒေါ်ပိန်သေးတို့က ထုတ်ယူထားသည်ကို သိရှိခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ ညီမဖြစ်သူတို့ ရောက်ရှိလာပြီး ကျူးလွန်ခံရသူအမျိုးသားကို လာရောက်ခေါ်ဆောင်သဖြင့် ဆေးရုံမှဆင်းခဲ့ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လုပ်အားခငွေများကို ကြိုတင်ထုတ်ယူ၍ ခေါင်းပုံဖြတ်သူများဖြစ်သည့် မဆရာမ (ခ) ဒေါ်ထားထား၊ ဒေါ်ပုတို၊ ဇော်မိုး၊ ဒေါ်ပိန်သေး၊ ချစ်စု၊ လှေဦးစီးဆိုသူနှင့် ကရင်လေး (စုံစမ်းဆဲ) တို့ကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ရွှေပြည်သာမြို့မရဲစခန်းက (ပ)၃၃၉၇/၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၅/ ၂၈ (ခ) အရ အမှုဖွင့်ကာ ကျူးလွန်သူများကိုဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
















