ကျောက်ပန်းတောင်းမြို့နယ်တွင် ဇနီးနှင့် လူမှုရေးဖောက်ပြန်နေသူက ခင်ပွန်းကို ဓားဖြင့် ထိုးသတ်မှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁၇ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ နံနက် ၁ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့နယ်နေ ကိုမောင်ချမ်းသည် နေအိမ်၌ အိပ်နေစဉ် ၎င်း၏အစ်ကိုဖြစ်သူ အသတ်ခံရကြောင်းကို ဆွေမျိုးတော်စပ်သည့် ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာနေ မဇာဇာက ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ကိုမောင်ချမ်း၏အစ်ကို ကိုဖြိုး(ခ)ဖြိုးကိုကို (၃၄ နှစ်)သည် နေထိုင်ရာ အိမ်ဝင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မဇာဇာ၏ ဖုန်းဆက်အကြောင်းကြားချက်အရ ကိုမောင်ချမ်းက သွားရောက်ကြည့်ရှုခဲ့သည်။
ကိုဖြိုး(ခ)ဖြိုးကိုကိုသည် နေအိမ်ခြံဝင်းဝင်ပေါက်အနီး ရင်ညွန့်ထိုးသွင်း၊ကျောပြင်ဝဲဘက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို ကိုမောင်ချမ်းကတွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူ ဖြိုးကို၏ ဇနီး မဝါဝါခိုင်သည် လွန်ခဲ့သော နှစ်လခန့်က တာဝါတိုင်ဆောက်လုပ်ရေး လုပ်ကိုင်ရန်အတွက် ချင်းပြည်နယ်ဖလမ်းမြို့သို့ သွားရောက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ရွာသို့ ပြန်လာစဉ် မင်းမင်းဦးဆိုသည့် လူငယ်တစ်ဦးပါလာပြီး နေအိမ်တွင်တည်းခိုနေထိုင်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက် ၁ နာရီခန့်တွင် ကိုဖြိုးနှင့် မဝါဝါခိုင်တို့ အိပ်နေစဉ် မင်းမင်းဦးက အခန်းတွင်းဝင်ရောက်ကာ ကိုဖြိုးကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ကိုဖြိုးက ထွက်ပြေးစဉ် ခြံဝင်းနားအရောက် မင်းမင်းဦးက ဓားဖြင့် ထပ်မံ ထိုးသဖြင့် လဲကျခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သေဆုံးသူ၏ ဇနီးနှင့် မင်းမင်းဦးတို့သည် လူမှုရေးပြဿနာများရှိနေသဖြင့် သေဆုံးသူက ကွာရှင်းပေး မည်ဟုပြောဆိုခဲ့သော်လည်း ဇနီးဖြစ်သူက ပေါင်းသင်းမည်ဟု ပြောဆိုနေထိုင်စဉ် ယခုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။အခင်းဖြစ်ပြီးနောက် မင်းမင်းဦး(၂၀ နှစ်) နှင့် ဝါဝါခိုင် (၁၈ နှစ်)တို့က ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကျောက်ပန်းတောင်းမြို့မရဲစခန်းက(ပ)၂၈၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူထား သည်။

















