ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

(ယခင်တစ်ပတ်မှအဆက်)

ကန့်ဘလူရောက်တော့ ယခင်က အလေးမထားခဲ့သောကြောင့် မိမိကိုနစ်နာစေခဲ့သော လုပ်ငန်းတစ်ခုကို ဦးစားပေးလုပ်ဖို့ အခြေအနေကတောင်းဆိုလာခဲ့ပြီ။ အခြားမဟုတ်ပါ၊ ရာဇဝတ်တရားစီရင်မှုအတွက် ပထမတန်း ရာဇဝတ်အာဏာတိုးမြှင့်ရရှိရေးဖြစ်ပါသည်။ အမှန်မှာတော့ မိမိသည် ဌာနဆိုင်ရာစာမေးပွဲများကို ဖြေဆိုခဲ့ရာ၌ ရာဇဝတ်ဥပဒေဘာသာရပ်တွင် အထက်တန်းဖြင့် အောင်မြင်ထားပြီးဖြစ်သည့်အပြင် အတန်းခွဲခြားခြင်းမရှိသော တရားမဥပဒေဘာသာရပ်ကိုလည်း အောင်မြင်ထားပြီးဖြစ်ပါသည်။ ထို့အပြင် ၁၉၆၅ ခုနှစ်ကB.L. ဘွဲ့ကိုလည်း ရရှိထားပြီးဖြစ်ပါသည်။

မိမိသည် ၁၉၆၄ ခုနှစ်မှစ၍ ဒုတိယတန်း ရာဇဝတ်အာဏာရ ကျိုက်မရောမြို့နယ် ရာဇဝတ်တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ရာ သာမန်အားဖြင့်ဆိုလျှင် ၁၉၆၅•-၆၆ ဝန်းကျင်လောက်တွင် ပထမတန်း အာဏာရရာဇဝတ်တရားသူကြီးဖြစ်ခဲ့ရမည်။ သို့သော် အခြားအကြောင်းတစ်စုံတစ်ရာမရှိဘဲ ကောက်ကျစ်စဉ်းလဲသော စက်ရှင်တရားရုံး၏ ရုံးအုပ်စာရေး (အထက်တန်းစာရေး)၏ ဂုံးတိုက်မှုကြောင့် ဆိုင်ရာစက်ရှင် တရားသူကြီးနှင့် မိမိတို့အကြား မဖြစ်သင့်သော ပုဂ္ဂိုလ်ရေးအထင်လွဲမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပထမတန်းရာဇဝတ်အာဏာရရှိရေးတွင် နှောင့်နှေးခဲ့ရပါသည်။ ရာဇဝတ်အာဏာတိုးရေးအတွက် မိမိတင်ပြခဲ့သော အမှုတွဲများတွင် ဥပဒေကြောင်းအရ မှားယွင်းချွတ်ချော်မှုကိုထောက်မပြနိုင်ဘဲအရေးမပါသည့် ရုံးလုပ်ငန်းဆိုင်ရာ အသေးအဖွဲကိစ္စများကို ထောက်ပြပြီး မိမိအားပထမတန်းရာဇဝတ်အာဏာများတိုးပေးရန် ခရိုင်ရာဇဝတ်တရားသူကြီး၏ ထောက်ခံချက်ကို လျစ်လျူရှုလျက် စက်ရှင်တရားသူကြီးသည် အမှုတွဲများကို တရားရေးဝန်ကြီးဌာနသို့ ဆက်လက်၍ပေးပို့ခြင်းမရှိဘဲ ခရိုင်ဝန်ကြီးရုံးသို့ ပြန်ပို့ခဲ့ပါသည်။ ထိုအမှုတွဲ (၆) တွဲစလုံးမှာ ခရိုင်ရာဇဝတ်တရားသူကြီးက တောင်းခေါ်စစ်ဆေးပြီးနောက် ပြင်ဆင်မှုဖွင့်လှစ်ရန်အကြောင်း မပေါ်ပေါက်သောကြောင့် မှတ်ချက်မရှိ ပြန်ပို့ထားသော အမှုတွဲများဖြစ်ကြပါသည်။ ထိုအကြောင်းကို ဤဆောင်းပါးအထက်တစ်နေရာတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ 

နောက်ပိုင်းတွင် စက်ရှင်မင်းကြီးသည် ၎င်း၏ရုံးစာရေးကြီးအကြောင်းကို အမှန်အတိုင်းသိရှိသွားခဲ့ပြီးနောက်၎င်း၏အမှားကိုလည်းသိရှိကာ မိမိထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပိုင်အဖြစ် ပြောင်းရွှေ့ကာနီးသွားရောက် နှုတ်ဆက်သောအခါတွင် "ကိုကျော်အေးက ဥပဒေဘွဲ့ရပြီးဖြစ်ပေမဲ့ အုပ်ချုပ်ရေးဘက်တွင်သာအာရုံစိုက်ပြီး တရားရေးဘက်တွင် အလေးပေးမှုအားနည်းလို့ ပညာပေးတဲ့အနေနဲ့ ရာဇဝတ်အာဏာတိုးရေးကိစ္စကို ခြောက်လလောက် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် ယခင်ကမှတ်ချက်ရေးခဲ့သော အမှုတွဲများပါ ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်၍ ပထမတန်းရာဇဝတ်အာဏာတိုးမြှင့်ရေအတွက် ပြန်လည်တင်ပြခဲ့ပါ" ဟု ပြောကြားခဲ့ရာ မိမိလည်း "ဟုတ်ကဲ့ပါ" ဟုဝန်ခံခဲ့ပြီး အမှုတွဲများကိုပြန်လည်တင်ပြခြင်းမရှိခဲ့ပေ။ သရက်ချောင်းမြို့သို့ ပြောင်းရွှေ့ရသော နှစ်နှစ်တာကာလအတွင်းတွင်လည်း ပထမတန်းရာဇဝတ်အာဏာတိုးမြှင့်ရေးအတွက် ကြိုးစားခြင်းမရှိခဲ့၊ ပထမတန်းရာဇဝတ်အာဏာရလျှင် မတရားအသင်းများအက်ဥပဒေအရ စွဲဆိုသောအမှုများကို စစ်ဆေး ရမည်ဖြစ်ရာ မိမိ၏အသက်အန္တရာယ်အတွက် အကာအကွယ်မရှိသောကြောင့် သောင်းကျန်းသူများ၏ အန္တရာယ်ကို ကြောက်ရသည်။ ပထမတန်းရာဇဝတ်အာဏာတိုးမြှင့်ရေးအတွက် အမှုတွဲခြောက်တွဲ မတင်ပြခြင်းကြောင့် ကျိုက်မရောမြို့ပိုင်ဘဝတွင် တစ်ကြိမ်၊ သရက်ချောင်းမြို့ပိုင်ဘဝတွင် တစ်ကြိမ်၊ ထုချေလွှာ နှစ်ကြိမ် တောင်းခံခြင်းခံရပြီးဖြစ်သည်။B.L.ဘွဲ့ရရှိပြီးသော တရားသူကြီးများအနေဖြင့် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ရောက်ခွင့်ရရန် လျှောက်ထားခွင့်ရှိသဖြင့် ကျိုက်မရောမြို့နယ် ရာဇဝတ်တရားသူကြီးဘဝက တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်ပြုရန် ထိုစဉ်ကတရားရုံးချုပ်သို့ လျှောက်ထားခဲ့သည်။ အချိန်တန်သော်လည်း အမိန့်မကျသောကြောင့် ရန်ကုန်သို့ရောက်ရှိစဉ် တရားရုံးချုပ်သို့ဝင်ရောက်စုံစမ်းရာ သက်ဆိုင်ရာအမျိုးသမီးရုံးအုပ်က ပထမတန်းရာဇဝတ် အာဏာ မရသေးသောကြောင့် တရားဝန်ကြီးများက စဉ်းစားခြင်းမပြုနိုင်ကြောင်းပြန်ပြောပါသည်။ မိမိကစည်းမျဉ်းတွင် ယင်းစည်းကမ်းချက်မတွေ့မိပါကြောင်း ဆင်ခြေတက်ရာ တရားသူကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ 

ဤအခြေအနေတွင် ကန့်ဘလူ၌ တာဝန်ထမ်းဆောင်စဉ် မိမိအတွက် ဦးစားပေးလုပ်ငန်းမှာ ပထမတန်း ရာဇဝတ်အာဏာတိုးမြှင့်ရေးဖြစ်ပါသည်။ ရွှေဘိုခရိုင်ဝန် ဦးစောကူရှင်ပိုးကလည်းB.L. ဘွဲ့ရပြီးအပြင် ဌာနဆိုင်ရာ စာမေးပွဲတွင်လည်း အထက်တန်းဖြင့်အောင်မြင်ပြီးဖြစ်သဖြင့် ပထမတန်း ရာဇဝတ်အာဏာတိုးမြှင့်ပေးရေးအတွက် မိမိစစ်ဆေးဆုံးဖြတ်ခဲ့သော အမှုတွဲ(၆)တွဲတင်ပြရန် မိမိနှင့်တွေ့ဆုံစဉ် နှုတ်ဖြင့်မှာကြားခဲ့ပါသည်။ အမှုတွဲခြောက်တွဲမှာ စွဲချက်ကိုတရားခံက ငြင်းဆိုသဖြင့် နှစ်ဘက်သက်သေများကို စစ်ဆေးပြီးမှဆုံးဖြတ်ရသည့် အမှုတွဲများဖြစ်ရန်လိုပါသည်။ ယင်းသို့သော အမှုတွဲခြောက်တွဲရရှိရန် အမှုများခွဲဝေပေးသော နယ်ပိုင်ဝန်ထောက်အား မိမိစစ်ဆေးခွင့်ရှိသော အမှုတွဲအားလုံးကိုလွှဲပေးရန်တင်ပြပြီး လွှဲပေးသမျှအမှုတွဲများကို အမြန်ပြီးစီးရန်ကြိုးစားစစ်ဆေးခဲ့ရပါသည်။ အမှုတွဲ ခြောက်တွဲရရှိရန် ခြောက်လလောက်ကြာခဲ့ပါသည်။ တရားခံရှေ့နေများမပါသောအမှုများဖြစ်၍ ဤမျှမြန်ခြင်းဖြစ်ပါသည်။ 

ဤသို့ အမှုတွဲခြောက်တွဲပြည့်ရန် အမြန်လိုနေစဉ် ဆဋ္ဌမမြောက်အမှုတွင် တရားလိုသက်သေများကို စစ်ဆေးပြီးနောက် တရားခံအပေါ်စွဲချက်တင်ရာ တရားခံကစွဲချက်အတိုင်း အပြစ်ရှိကြောင်း ဝန်ခံနေသောကြောင့် ဆန္ဒမပြည့်ဘဲဖြစ်နေပါသည်။ သို့သော် တရားခံက စွဲချက်ပါအတိုင်းပြစ်မှုကိုဝန်ခံခဲ့သော်လည်း တရားလိုက ၎င်းအားစတင်ရန်ပြုသောကြောင့် ၎င်းကရှောင်တိမ်းပြီးရရာလက်နက်ဖြင့် ခုခံခြင်းဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သောကြောင့် သူ၏ထုချေချက်ကို မှတ်တမ်းတင်ပြီးနောက် တရားခံ၏ဝန်ခံချက်မှာ မိမိကိုယ်ကို ခုခံပိုင်ခွင့်တောင်းခြင်းဖြစ်၍ ဥပဒေအရ ဝန်ခံချက်မမြောက်ကြောင်း အမှုတွဲနေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ခဲ့သည့်အပြင် စီရင်ချက်တွင်လည်း ထည့်သွင်းသုံးသပ်ခဲ့သည်။ ထို့ပြင် တရားခံက မိမိကိုယ်တိုင်သက်သေအဖြစ် အစစ်ခံမည်ဖြစ်ကြောင်း၊ တရားခံပြ သက်သေတင်ပြရန်မရှိကြောင်း မှတ်တမ်းတင်ပြီး တရားခံကိုသက်သေအဖြစ် ကျမ်းကျိန်စစ်ဆေးပြီး နောက်ရက်ချိန်းတွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။ သို့ဖြင့် စစ်ဆေးပြီး အမှုတွဲခြောက်တွဲကိုခရိုင်ဝန်ရုံးသို့ တင်ပို့လိုက်ရာ လပိုင်းအတွင်းမှာပင်တရားရေးဝန်ကြီးဌာနက မိမိအားပထမတန်းရာဇဝတ်တရားသူကြီး၏ အာဏာများအပ်နှင်းသည့် အမိန့်ကြော်ငြာစာကိုလက်ခံရရှိခဲ့ပါသည်။ အမိန့်ကြော်ငြာစာတွင် အမိန့်အရ လက်မှတ်ရေးထိုးသူမှာ မိမိသရက်ချောင်း မြို့ပိုင်အဖြစ် ဆောင်ရွက်စဉ်က ထားဝယ်ခရိုင်ဖြစ်သူ ဦးဘရွှေဖြစ်ပါသည်။ မိမိ၏အကြောင်းကို ကောင်းစွာသိရှိနေသူဖြစ်၍ ဤမျှမြန်ခြင်းဖြစ်သည်ဟု ထင်ပါသည်။ 

 

သက်သေများလာရောက်လျှင် အမှုမစစ်မီ သက်သေစရိတ်မှတ်တမ်းပုံစံတွင် ရရှိမည့်သက်သေစရိတ် ကို လက်မှတ်ရေးထိုး သို့မဟုတ် လက်ဗွေနှိပ်၍ အမှုစစ်ဆေးသောအခါ မိမိထံတင်ပြထားရန်

မိမိသည် ကန့်ဘလူသို့ရောက်ရှိပြီးနောက် (မော်လမြိုင်ခရိုင်စက်ရှင်မင်းကြီးက သုံးသပ်ခဲ့သည့်အတိုင်း မိမိအနေဖြင့် အလေးထားခြင်းမရှိခဲ့သော) တရားစီရင်ရေးဘက်သို့ အလေးထားအာရုံစိုက်၍ ဆောင်ရွက်ခဲ့သည်။ခရီးထွက်ရက်များကိုလျှော့ပြီး ရုံးတက်၍ ရာဇဝတ်မှုများကို စစ်ဆေးသည်။ နယ်ပိုင်ရာဇဝတ်တရားသူကြီးကလည်း (မိမိပထမတန်းရာဇဝတ်အာဏာမရမီ) ဒုတိယတန်းအာဏာဖြင့် စစ်ဆေးခွင့်ရှိသောအမှုအားလုံးကိုလွှဲပေးသည်။ မိမိ ဒုတိယတန်းအာဏာဖြင့် စစ်ဆေးသောအမှုများတွင် တရားခံဘက်က ရှေ့နေလိုက်ပါသည့်အမှုများမရှိသောကြောင့် အမှုများကို အမြန်ပြီးပြတ်အောင်စစ်ဆေးဆောင်ရွက်နိုင်ခဲ့သည်။ မိမိနေအိမ်နှင့်ရုံးမှာ ငါးမိနစ်ကျော်လောက် လမ်းလျှောက်သွားရသော ခရီးအကွာအဝေးတွင်ရှိသဖြင့် ခရီးမထွက်သည့်နေ့များတွင် နေ့စဉ် နံနက်ခုနစ်နာရီခွဲခန့်တွင် ရုံးသို့သွားရောက်၍ မိမိ၏ရုံးခန်းကိုဖွင့်ပြီးမိမိလျစ်လျူရှုထားခဲ့သော ဥပဒေစာအုပ်များကို နံနက်ကိုးနာရီခွဲ ရုံးဖွင့်ချိန်အထိဖတ်ရှုလေ့လာသည်။ အထူးသဖြင့် လုပ်ထုံးလုပ်နည်း ကျေညက်ရန်လိုအပ်သောကြောင်းBurma Courts' Manual(တရားရုံးလက်စွဲစာအုပ်) ကို   The Code of Criminal Procedure (ရာဇဝတ်ကျင့်ထုံး ဥပဒေ) စာအုပ်နှင့်နှိုင်းယှဉ်လေ့လာ၍ ရာဇဝတ်မှုနှင့်သက်ဆိုင်သောအပိုင်းများကို အသေးစိပ်လေ့လာဖတ်ရှုသည်။ လုပ်ထုံးလုပ်နည်းတွင် အဓိကကျသော သက်သေခံဥပဒေကို ဖတ်ရှုရာတွင်Dr. Maung Maung တည်းဖြတ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရှေနေ့ချုပ်ဖြစ်သေ Sir Arthur Eggar  ၏ The Law of Evidence  စာအုပ်ငယ်ကိုBurma Code yg The Evidence Act  နှင့် တိုက်ဆိုင်ဖတ်ရှုသည်။ ထိုအချိန်က အိန္ဒိယအက်ဥပဒေ အဖွင့်ကျမ်းများရုံးတွင်လည်းကောင်း၊မိမိ၏ကိုယ်ပိုင်အဖြစ်လည်းကောင်း မရှိသေး၍မဖတ်ဖြစ်ခဲ့ပေ။ (မြို့နယ်ဥပဒေအရာရှိအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သောအခါတွင်မှ ခရိုင်ဝန်ရုံးဟောင်း စာကြည့်တိုက်မှ ငှားရမ်းဖတ်ရှုရသည်။) 

ရာဇဝတ်မှုများတွင် သက်သေများကို သက်သေစရိတ် (အမှန်ကုန်ကျသောခရီးရိတ်နှင့် နေ့တွက်)ကိုထုတ် ပေးရာ၌ ဘီးလစ်စာရေး/ရှေ့ဖတ်စာရေးများ၏ ဖြတ်စားမှုများ ရှိတတ်သည်ကို မိမိအတွေ့အကြုံအရ သိရှိထားရာမိမိက မိမိ၏ ရှေ့ဖတ်စာရေးအား "သက်သေများလာရောက်လျှင် အမှုမစစ်မီ သက်သေစရိတ်မှတ်တမ်းပုံစံတွင် ရရှိမည့်သက်သေစရိတ်ကို လက်မှတ်ရေးထိုး သို့မဟုတ် လက်ဗွေနှိပ်၍ အမှုစစ်ဆေးသောအခါ မိမိထံတင်ပြထားရန်" မှာကြားထားသည်။ မိမိစားပွဲ၏အံဆွဲအတွင်းတွင် တစ်ဆယ်တန်၊ ငါးကျပ်တန်၊ တစ်ကျပ်တန်နှင့် ငွေအြွေကစေ့ ငါးပြားစေ့မှ ငါးမူးစေ့အထိ ပုံမှန်ထားရှိပြီး သက်သေတစ်ဦးကိုစစ်ဆေးပြီးတိုင်း ၎င်းအတွက်ကျသင့်သော သက်သေစရိတ်ကို စားပွဲအံဆွဲထဲရှိ မိမိပိုက်ဆံမှ စိုက်ထုတ်ပေးလိုက်သည်။ သက်သေအားလုံးကို စစ်ဆေးပြီးသောအခါမှ မိမိစိုက်ထုတ်ပေးထားသော သက်သေစရိတ်များကို ဘီးလစ်စာရေးထံမှပြန်လည်ထုတ်ယူသည်။ အများအားဖြင့် ဘီးလစ်နှင့်ရှေ့ဖတ်စာရေးများ ဖြတ်စားတတ်သည်မှာသက်သေကို နေ့တွက်စရိတ်အဖြစ် တစ်ရက်အတွက် သာပေးပြီး ငွေတိုက်မှပြန်လည်ထုတ်ယူရာတွင် နှစ်ရက်အတွက် (ညအိပ်ခရီးအတွက်) ထုတ်ယူကြခြင်းဖြစ်သည်။ သက်သေများအနေဖြင့်လည်း ၎င်းတို့၏အမှန်ကုန်ကျစရိတ်ကိုရရှိကြသဖြင့် ကန့်ကွက်ရမှန်းမသိကြချေ။ ကန့်ဘလူမြို့နယ်တွင် မီးရထားဖြင့်လာရသော သက်သေများမှာ နေ့လယ် ၁ နာရီခန့်တွင် ကန့်ဘလူဘူတာသို့ ဆိုက်ရောက်သည့် မီးရထားဖြင့်လာရောက်ကြပြီး အပြန်ခရီးတွင် ညသန်းခေါင်ကျော် ၁ နာရီတွင် ကန့်ဘလူဘူတာသို့ ဆိုက်ရောက်သော မီးရထားဖြင့်ပြန်ကြလေ့ရှိသည်။ မီးရထားဖြင့် သွားလာနိုင်ခြင်းမရှိသောကျေးရွာများမှ သက်သေများမှာမူ ခြေလျင် သို့မဟုတ် လှည်းဖြင့်လာကြရသည်။ ကန့်ဘလူနှင့် ငါးမိုင်၊ ခြောက်မိုင်လောက်ဝေးသော ကျေးရွာများမှ သက်သေများကို (ညအိပ်ခရီးမဟုတ်သဖြင့်) တစ်နေ့တွက်နေ့တွက်စရိတ်ကိုသာပေးရန်နှင့် ၎င်းခရီးထက်ဝေးသော သို့မဟုတ် မီးရထားဖြင့် သွားလာရသော ကျေးရွာများမှသက်သေများကိုမူ (ညအိပ်ခရီးအဖြစ်သတ်မှတ်၍) နေ့တွက်စရိတ်နှစ်ရက်အတွက်ပေးရန် မိမိ၏ရှေ့ဖတ်စာရေးအား မှာကြားထားရသည်။ 

ပထမတန်းရာဇဝတ်အာဏာရပြီးနောက်ပိုင်းတွင်မူ စစ်ဆေးရသည့်အမှုများပိုများလာသည်။ ရွှေဘိုခရိုင်ဝန် ဦးစောကုရှင်ဖိုးကလည်း အထူးအာဏာ (special power) တိုးမြှင့်ပေးရေးအတွက် ပထမတန်းရာဇဝတ် အာဏာ ဖြင့် စစ်ဆေးသောအမှုများကို အထူးဂရုပြု၍ စစ်ဆေးရန်နှင့် တစ်နှစ်ကျော်ပြီးပါက မိမိစိတ်ကြိုက် ရာဇဝတ်မှု ခြောက်မှုကို အထူးအာဏာတို့မြှင့်ပေးရေးအတွက် တင်ပြရန်မှာကြားထားသည်။ ပထမတန်းအာဏာဖြင့် စစ်ဆေးသောအမှုများတွင် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သဖြင့် အချို့အမှုများတွင် တရားခံဘက်မှ ရှေ့နေများ ပါဝင်တတ်သည်။ ထိုအချိန်က ကန့်ဘလူမြို့တွင် ရှေ့နေမရှိသေးပေ။ ရွှေဘိုမှရှေ့နေများလာရောက်လိုက်ပါကြသည်။ သူတို့သည်လည်း မီးရထားဖြင့်သာ လာရောက်နိုင်သောကြောင့် ၎င်းတို့ပါဝင်သောအမှုများကို မန္တလေး-မြစ်ကြီးနား ရထားဆိုက်ရောက်ချိန် နေ့လယ် ၁ နာရီနောက်ပိုင်းတွင် သာစစ်ဆေးပေးရသည်။ ညသန်းခေါင်းကျော်တွင် ဆိုက်ရောက်သော မြစ်ကြီးနား-မန္တလေးရထားဖြင့် ၎င်းတို့ပြန်ကြရသည်။ မိမိမှာပထမတန်းအာဏာရစဖြစ်၍ အချို့ရှေ့နေများက ပညာစမ်းချင်ပုံရသည်။ အတွေ့အကြုံလေးတချို့ကိုဖော်ပြပါဦးမည်။ 

အမှုတစ်မှုတွင်တရားခံက ကိုယ်စားလှယ်လွှဲအပ်ထားသူမဟုတ်သည့် အခြားရှေ့နေဆိုသူတစ်ဦးက တရားခံ ရှေ့နေကိုယ်စားလာရောက်သည်။ ၎င်းမှာအသက်(၅၀) ဝန်းကျင်လောက်ရှိပြီး ဆံပင်များဖြူနေပါပြီ။ မိမိကလည်း စိတ်ထဲရှိသည့်အတိုင်း "ရှေ့နေကြီးအမည်ကို ကျွန်တော်မကြားဖူးပါဘူး။ ဦး __ က လွှဲစာရေးမပေးလိုက်ဖူးလား" ဟူ၍ရုတ်တရက်ပြောမိရာ ၎င်းက "ကိုယ်စားလိုက်ခွင့်ပေးမှာလား၊ မပေးဘူးလား" ဟု ခပ်ထန်ထန်ပြန်မေးသဖြင့် မိမိကလည်း "မပေးဘူး" ဟု ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်ရာ ၎င်းသည်မိမိ၏ရုံးခန်းထဲမှ စိတ်ဆိုးသောအမူအယာဖြင့် ပြန်ထွက်သွားပါသည်။ နောင်တွင် တရားခံ၏ရှေ့နေနှင့်တွေ့သောအခါ ၎င်းကဤသို့ အဆင်မပြေဖြစ်မည် မထင်မိကြောင်း၊ ၎င်းရှေ့နေမှာ စိတ်ဆတ်သူဖြစ်သောကြောင့် မဖြစ်သင့်သော ပြဿနာဖြစ်ရသည်ကို စိတ်မကောင်းပါကြောင်းပြောရာ မိမိကလည်း "ကျွန်တော်ကလည်း အမှတ်တမဲ့ပြောလိုက်မိတာကို သူက သူ့ကိုယ်သူ မိတ်ဆက်ပြောကြားမယ်ဆိုရင် ပြဿနာဖြစ်စရာမရှိပါဘူး၊ ခုတေခုတော့ဗျာ အခွင့်မပေးဘူးလား၊ ပေးမလားဆိုပြီး ဘုပြောတော့ ကျွန်တော်လည်း ရုတ်တရက်စိတ်တိုသွားမိတာပေါ့ဗျာ" လို့ ပြန်ရှင်းပြောရသည်။ 

(ဆက်လက်ဖော်ပြပါမည်။)
 



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021