ဥရောပပြိုင်ပွဲကစားထားရတဲ့ အသင်းတွေကို သတိထားရမယ်

ဥရောပပြိုင်ပွဲကစားထားရတဲ့ အသင်းတွေကို သတိထားရမယ်

ကက်ဂလီယာရီ − ဂျီနိုအာ (စနေ၊ နံနက် ၁း၁၅)

ပါးမားကို အဝေးကွင်းမှာ အနိုင်ယူပြီးနောက် ကက်ဂလီယာရီတို့ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုအိမ်ကွင်းပွဲ ဖြစ်တာကြောင့် အကောင်းဆုံးတိုက်စစ်နဲ့ ပွဲထွက်လာဦးမှာပါ။ ဂျီနိုအာက အိမ်ကွင်းကြီးမှာ အတ္တလန္တာကို ရှုံးခဲ့ပါတယ်။ အတ္တလန္တာက ဂျီနိုအာထက်ကစားအားသာတဲ့အသင်းပါ။ အခုပွဲစဉ်မှာတော့ ဂျီနိုအာ ဂရုစိုက်ကစားမှာပါ။ သရေတစ်မှတ်ရအောင် ကစားသွားမယ်ထင်တယ်။

ယူဒီးနိစ် − ဘရက်စီယာ (စနေ၊ ည ၇း၃ဝ)

ယူဒီးနိစ်ရဲ့အကျင့်က အသင်းကြီးတွေကို ခံကစားတတ်တာပါပဲ။ အသင်းငယ်တွေနဲ့ တန်းတူအသင်းတွေဆိုရင် မထီမဲ့မြင် လုပ်တတ်တာကြောင့် ရလဒ်ဆိုးတတ်ပါတယ်။ အခုတွေ့ရမှာက တန်းတက် ဘရက်စီယာပါ။ ဘရက်စီယာက တန်းတက်အသင်းတွေ ထုံးစံအတိုင်း ရာသီအစပိုင်းပွဲတွေကို အားအပြည့်နဲ့ ကစားနေပါတယ်။ သုံးပွဲကစားပြီးချိန်မှာ လေးဂိုးသွင်းထားတာကြောင့် ဂိုးသွင်းအားကို လျှော့တွက်လို့မရပါဘူး။ ဒါကြောင့် ယူဒီးနိစ်ကွင်းဖြစ်ပေမဲ့ ဘရက်စီယာကို ရွေးချယ်ချင်တယ်။

ဂျူဗင်တပ် − ဗီရိုနာ (စနေ၊ ည ၁ဝး၃ဝ)

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်က ဖီအိုရင်တီးနားနဲ့ သရေကျခဲ့ပြီး ဗီရိုနာက အေစီကို ရှုံးခဲ့ပါတယ်။ ဂျူဗင်တပ်က ကြားရက်မှာ အလက်တီကိုနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားရမှာ ဖြစ်လို့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ကစားအားလျှော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုပွဲကလည်း အလက်တီကိုနဲ့ကစားထားရလို့ ပွဲပန်းနေနိုင်ပါတယ်။ အသင်းအနေအထားချင်းကွာနေပေမဲ့ ဂျူဗင်တပ်နိုင်ခဲ့ရင်တောင် ဂိုးမပြတ်နိုင်လို့ ဗီရိုနာကို အားပေးချင်တယ်။

အေစီမီလန် − အင်တာမီလန် (တနင်္ဂနွေ၊ နံနက် ၁း၁၅)

စီးရီးအေရဲ့ အပြင်းထန်ဆုံး မီလန်ဒါဘီပွဲစဉ်ပါ။ လက်ရှိအချိန်မှာ အေစီက အကျဘက်မှာရှိနေပါတယ်။ အင်တာက သုံးပွဲကစား၊ သုံးပွဲစလုံးနိုင်ထားလို့ အကောင်းအနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ အေစီကလည်း ဒါဘီပွဲဖြစ်နေလို့ ရှိတဲ့အားနဲ့ အင်တာကို ရင်ဆိုင်မှာပါ။ အိမ်ကွင်းဖြစ်နေတာကလည်း အေစီအတွက် အားတက်စရာပါ။ အေစီဘက်က ရပ်တည်ချင်တယ်။

ဆက်စူလို − SPAL(တနင်္ဂနွေ၊ ညနေ ၅းဝဝ)

နှစ်သင်းစလုံးက လျှော့တွက်လို့မရတဲ့ အဆိပ်ရှိတဲ့အသင်းတွေပါ။ ဆက်စူလိုက ပွဲတိုင်းဂိုးရထားတဲ့အသင်းဖြစ်တာကြောင့် ဂိုးသွင်းအားကို အသိအမှတ်ပြုရမှာပါ။SPAL ကလည်းနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လာဇီယိုကို အနိုင်ယူထားတာကြောင့် စိတ်ဓာတ်တက်ကြွနေပါတယ်။ အဲဒီခွန်အားတွေနဲ့ ဆက်စူလိုကိုရင်ဆိုင်နိုင်ပါတယ်။SPAL ဘက်က အားပေးသင့်ပါတယ်။

ဘိုလော့နာ − ရိုးမား (တနင်္ဂနွေ၊ ည ၇း၃ဝ)

ဘိုလော့နာတို့ခြေစွာနေပါတယ်။ သုံးပွဲကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိသေးပါဘူး။ နှစ်ပွဲနိုင်တစ်ပွဲသရေ ရမှတ် ခုနစ်မှတ်နဲ့ အဆင့် (၂) နေရာမှာတောင် ရပ်တည်နေပါတယ်။ အခုရင်ဆိုင်ရမယ့် အင်အားကြီး ရိုးမားတောင် တစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ အဆင့် (၈) မှာ ရပ်တည်နေတာပါ။ ဒီနှစ်သင်းမှာ တူညီတဲ့အချက်တစ်ချက်ရှိနေပါတယ်။ ဒါက နှစ်သင်းစလုံးရှေ့တန်းက ဂိုးသွင်းကြသလို နောက်တန်းကလည်း ဂိုးတွေပြန်ပေးရလေ့ရှိပါတယ်။ ရိုးမားက ပထမပိုင်းမှ အားအပြည့်ထည့်ကစားပေမဲ့ ဒုတိယပိုင်းမှာ ကစားအားချသွားတတ်ပါတယ်။ အဲဒီအချိန်မှာ ဂိုးပြန်ပေးရလေ့ရှိပါတယ်။ ဒါကြောင့် အခုပွဲကို ဂိုးအများပဲ ရွေးချင်တယ်။

လက်ချီ − နာပိုလီ (တနင်္ဂနွေ၊ ည ၇း၃ဝ)

တန်းတက်လက်ချီတို့ အဝေးကွင်းမှာ တိုရီနိုကိုအနိုင်ယူပြီး ယခုနှစ်ပထမဆုံးနိုင်ပွဲကို စတင်ရရှိသွားပါပြီ။ အခုအိမ်ကွင်းမှာလည်း သူတို့ရဲ့ ကစားအားကို ဆက်ပြီးတင်လာနိုင်ပါတယ်။ နာပိုလီနဲ့ အသင်းအနေအထားချင်းကွာတယ်ဆိုပေမဲ့ ချန်ပီယံလိဂ်ကစားထားရတာရယ်၊ အဝေးကွင်းပွဲစဉ်ဖြစ်နေတာတွေကို ထည့်တွက်မယ်ဆိုရင် အခွင့်အရေးက လက်ချီဘက်မှာ ရှိနေပါတယ်။ လက်ချီကို ဆက်လက်အားပေးရအောင်။

ဆမ်ဒိုးရီးယား − တိုရီနို (တနင်္ဂနွေ၊ ည ၇း၃ဝ)

ဆမ်ဒိုးရီးယားတို့ အခြေအနေတော်တော်ဆိုးနေပါတယ်။ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံးကို ရှုံးထားပြီး အမှတ်ပေးဇယားအောက်ခြေကို ရောက်နေပါတယ်။ ရဂိုးတစ်ဂိုးသာရှိထားပြီး ပေးဂိုးက ကိုးဂိုးထိရှိနေပါတယ်။ တိုရီနိုကလည်း ပွဲစဉ် (၃)မှာ တန်းတက်လက်ချီကိုရှုံးထားပါတယ်။ ဒါကြောင့် အခုပွဲ ကစားအား ပြန်တင်လာနိုင်ပါတယ်။ ဆမ်ဒိုးရီးယားကလည်း ရလဒ်ဆိုးတွေကြားက ရုန်းထွက်ရမယ့်အသင်းပါ။ ဒါပေမဲ့ ကစားအားအရ တိုရီနိုကိုပိုကြိုက်တယ်။

အတ္တလန္တာ − ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၁ဝး၃ဝ)

အတ္တလန္တာအသင်းက အခုပွဲမတိုင်မီ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်နဲ့ အဝေးကွင်းကစားခဲ့ရပါတယ်။ ဒါကြောင့် ပွဲပန်းမှုဒဏ်ကို အနည်းနဲ့ အများ ခံစားနေရမှာပါ။ ဖီအိုရင်တီးနားက အပြည့်အဝအနားရထားပါတယ်။ ခြေစွမ်းကို အပြည့်အဝယုံကြည်လို့မရသေးပေမဲ့ ဂျူဗင်တပ်ကိုသရေကစားသွားတဲ့ခြေစွမ်းကို အသိအမှတ်ပြုရမှာပါ။ ဖီအိုရင်တီးနားတို့ အခုပွဲမှာလည်း သရေတစ်မှတ်ရသွားနိုင်ပါတယ်။

လာဇီယို − ပါးမား (တနင်္လာ၊ နံနက် ၁း၁၅)

SPAL ကို အရှုံးပေးခဲ့ရတဲ့ လာဇီယိုတို့ အခုပွဲမှာ ပေါက်ကွဲဖို့ရှိပါတယ်။ ပါးမားကလည်း ခံစစ်ပိတ်ဆို့ကစားတတ်တဲ့အသင်းပါ။ နောက်ပြီး လာဇီယိုက ယူရိုပါလိဂ် အဝေးကွင်း ကစားထားရတဲ့အသင်းလည်း ဖြစ်နေတာကြောင့် ပွဲပန်းနေနိုင်ပါတယ်။ ပိတ်ဆို့ကစားတတ်တဲ့ ပါးမားအသင်းဘက်က ရပ်တည်ချင်တယ်။



ဖတ်ရှုမှုအများဆုံး