ဆောက်သမ်တန် - ဘုန်းမောက်
စနေ၊ နံနက် ၁း၃ဝ
ဆောက်သမ်တန်က ရစ်သမ်မှန်နေပါတယ်။ နောက်ဆုံးသုံးပွဲမှာ ခုနစ်မှတ် ရယူထားပါတယ်။ အသစ်ဝယ်ထားတဲ့ ဆောက်သမ်တန် ကစားသမားတွေ ခြေစွမ်းပြနေကြပါတယ်။ ဘုန်းမောက်က အဲဗာတန်ကို ဂိုးပြတ်နဲ့အနိုင်ကစားပြီး ယုံကြည်မှုပြန်ရထားပါတယ်။ ဘုန်းမောက် ဂိုးသွင်းအားကောင်းသလို ခံစစ်က ဂိုးလည်းပြန်ပေးနေရပါတယ်။ အခုဆောက်သမ်တန်ကွင်းမှာလည်း ဘုန်းမောက်ဂိုးသွင်းပါလိမ့်ဦးမယ်။ ဆောက်သမ်တန်ကလည်း ဂိုးသွင်းနိုင်လို့ ဒီပွဲက သွင်းဂိုးများမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။
လက်စတာ - တော့တင်ဟမ်
စနေ၊ ညနေ ၆းဝဝ
လက်စတာဟာ မန်ယူကွင်းမှာ ရှုံးပွဲတွေ့သွားပါတယ်။ ရှစ်မိနစ်မှာ ပင်နယ်တီပေးခဲ့ရပြီး လက်စတာဟာ မန်ယူခံစစ်ကို မကျော်လွှားနိုင်ဘဲ ချေပဂိုးနဲ့ဝေးသွားခဲ့ပါတယ်။ အခု တော့တင်ဟမ်နဲ့ထပ်မံကစားရမှာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ဂရိမှာ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ် ကစားထားလို့ ပွဲပန်းနေပါတယ်။ လက်စတာကွင်းမှာ တော့တင်ဟမ်ခက်ခက်ခဲခဲ ကစားလာရနိုင်ပါတယ်။ ဒီပွဲဟာ သရေနဲ့ပြီး သွားနိုင်ပါတယ်။
ဘန်လေ - နော်ဝစ်ချ်
စနေ၊ ည ၈း၃ဝ
ဘန်လေက ဘရိုက်တန်ကို နောက်ဆုံးမိနစ်မှာ ချေပဂိုးသွင်းပြီး သရေကျသွားပါတယ်၊ နော်ဝစ်ချ်ကတော့ ထိပ်သီးမန်စီးတီးကို အနိုင်ကစားသွားခဲ့ပါတယ်။ နော်ဝစ်ချ်ရဲ့ ကွင်းလယ်ကစားကွက်က ထိထိမိမိရှိတာတွေ့ရပါတယ်။ တိုက်စစ်ဦးစားပေးလည်းကစားတဲ့အသင်းဖြစ်ပါတယ်။ ဘန်လေက တောင်ပံတွေ အားပြုကစားတဲ့အသင်းဖြစ်လို့ ဒီပွဲက ကစားပုံကွာခြားနေပါတယ်။ ဘန်လေကွင်းမို့ ဘန်လေသာ တယ်ထင်ရပေမယ့် နော်ဝစ်ချ် ကစားကွက်က ဆွဲဆောင်မှုရှိတာကြောင့် နောဝစ်ချ် အခုပွဲမှာ အနိုင်ရသွားနိုင်ပါတယ်။
မန်စီးတီး - ဝက်ဖို့ဒ်
စနေ၊ ည ၈း၃ဝ
မန်စီးတီးဟာ တန်းတက်အသင်းလေး နော်ဝစ်ချ်ကို ရှုံးနိမ့်သွားလို့ လီဗာပူးနဲ့ ငါးမှတ်ကွာသွားပါတယ်။ အခုဝက်ဖို့ဒ်ပွဲမှာတော့ မန်စီးတီးအမှားခံတော့မှာ မဟုတ်ပါဘူး။ ခံစစ်ပိုင်းက အားနည်းနေပါတယ်။ ဝက်ဖို့ဒ်ကလည်း အာဆင်နယ်ကို နှစ်ဂိုးရှုံးရာကနေ သရေရအောင်ကစားသွားပါတယ်။ မန်စီးတီးကွင်းမှာဖြစ်လို့ ဝက်ဖို့ဒ်မလွယ်ပါဘူး၊ မန်စီးတီးအနိုင်က သုံးဂိုးပြတ်ပါလိမ့်မယ်။
အဲဗာတန် - ရှက်ဖီးလ်
စနေ၊ ည ၈း၃ဝ
အဲဗာတန်ဟာ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။ အဲဗာတန်ဟာ ကစားသမားတွေဖြည့်တင်းပေမဲ့ နည်းပြဟာ ပြင်ဆင်ပုံအားနည်းနေတာတွေ့ရပါတယ်။ ချယ်လ်ဆီးကို သရေကစားသွားတဲ့ ရှက်ဖီးလ်ယူနိုက်တက်ဟာ အိမ်ကွင်းမှာ လက်စတာကို ရှုံးနိမ့်ခဲ့ပါတယ်။ ရှက်ဖီးလ်ဟာ အသင်းလိုက်ကစားအားရှိတဲ့ အသင်းဖြစ်ပါတယ်။ အဲဗာတန်ဟာ အိမ်ကွင်း နှစ်ပွဲကစားထားပြီး နှစ်ပွဲစလုံးနိုင်ထားပါတယ်။ အဝေးကွင်း ကစားပုံအားနည်းပေမဲ့ အိမ်ကွင်း ကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ အခုပွဲမှာလည်း အဲဗာတန်ကစားအားတင်လာပါလိမ့်ဦးမယ်။ အဲဗာတန်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။
နယူးကာဆယ် - ဘရိုက်တန်
စနေ၊ ည ၁၁းဝဝ
နယူးကာဆယ်ဟာ လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။ ဂိုးစသွင်းပြီး သုံးဂိုးပြန်လည်အသွင်းခံရတာပါ။ အိမ်ကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ ဘရိုက်တန်ကလည်း ပွဲဦးထွက်မှာနိုင်ခဲ့ပေမဲ့ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားပါတယ်။ အခုနယူးကာဆယ်ကွင်းဖြစ်လို့ ဘရိုက်တန် ခက်ခဲပါလိမ့်ဦးမယ်၊ နယူးကာဆယ်အိမ်ကွင်းမှာ နိုင်ပွဲတွေ့မယ့်ပွဲဖြစ်ပါတယ်။
ပဲလေ့စ် - ဝုဗ်
တနင်္ဂနွေ၊ ည ၇း၃ဝ
ခရစ္စတယ်ပဲလေ့စ်ဟာ တော့တင်ဟမ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးပါဘူး။ ဝုဗ်ဗာဟန်တန်ကလည်း အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဝုဗ်ဟာ ပရီမီယာလိဂ်မှာ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဝုဗ်ဟာယုံကြည်မှု ပြန်လည်ရယူဖို့လိုလာပါတယ်။ ပဲလေ့စ်ဟာ အိမ်ကွင်းဖြစ်လို့ တိုက်စစ်ဦးစားပေးကစားလာနိုင်တာကြောင့် တန်ပြန်ထိုးဖောက်ပုံကောင်းတဲ့ ဝုဗ်ဟာ ပဲလေ့စ်ကို ဂိုးသွင်းသွားနိုင်ပါတယ်။ ဝုဗ်ဗာဟန်တန်ကိုကြိုက်ပါတယ်။
ဝက်စ်ဟမ်း - မန်ယူ
တနင်္ဂနွေ၊ ည ၇း၃ဝ
ဝက်စ်ဟမ်းဟာ အိမ်ကွင်းမှာ မန်စီးတီးကိုဂိုးပြတ်ရှုံးပေမဲ့ နော်ဝစ်ချ်ကို အနိုင်ရထားပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်ဟာ မနှစ်ကထက်ပိုပြီး ထက်ထက်မြက်မြက်ရှိပါတယ်။ ဟောလာ၊အန်ဒါဆင်၊ ယာမိုလန်ကို တို့ အကောင်းဆုံးကစားနေပါတယ်။ ကွင်းလယ်မှာ နိုဘယ်နဲ့ရိုက်စ် အတွဲမိနေပါတယ်။ နိုင်ပွဲပျောက်နေတဲ့မန်ယူဟာ လက်စတာကို ပြန်ပြီးနိုင်ထားပါတယ်။ အခု ဝက်စ်ဟမ်းကွင်းမှာ မန်ယူရုန်းကန်ရနိုင်ပါ တယ်။ ဝက်စ်ဟမ်း သရေနဲ့အနိုင်ပါ။
အာဆင်နယ် - ဗီလာ
တနင်္ဂနွေ၊ ည ၁ဝးဝဝ
အာဆင်နယ်က ခံစစ်တော်တော်ဆိုးရွားတဲ့အသင်းဖြစ်ပါတယ်။ တိုက်စစ်က ဂိုးသွင်းနိုင်ပေမဲ့ ခံစစ်က ဂိုးတွေပေးနေရတဲ့အသင်းပါ။ ဗီလာဟာ ကစားအားကောင်းတဲ့အသင်း ဖြစ်ပါတယ်။ တိုက်စစ်အားသန်တဲ့ အသင်းဖြစ်ပါတယ်။ သူလည်း ခံစစ်အားနည်းတဲ့အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ဂိုးသွင်းတာကို ဗီလာခံရမှာဖြစ်သလို ဗီလာဂိုးသွင်းတာကိုလည်း အာဆင်နယ် ခံရမယ့်ပွဲ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အနိုင်ဟာ မပြတ်သားပါဘူး။
ချယ်လ်ဆီး - လီဗာပူး
တနင်္ဂနွေ၊ ည ၁ဝးဝဝ
ဒီတစ်ပတ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ငါးပွဲဆက်တိုက်နိုင်ထားတဲ့ လီဗာပူးအသင်းနိုင်ပွဲရပ်သွားမလား စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်သင်းစလုံး ချန်ပီယံလိဂ်ကစားထားကြပါတယ်။ လီဗာပူးက နာပိုလီမှာ ကစားခဲ့ရပြီး ချယ်လ်ဆီးက အိမ်ကွင်းမှာ ဗလင်စီယာနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီး တိုက်စစ်ဟာ ဂိုးတွေသွင်းအားကောင်းနေပြီး ခံစစ်က ဂိုးတွေပေးနေရပါတယ်။ လီဗာပူးလည်း ဂိုးတွေသွင်းအားကောင်းပြီး ခံစစ်ကနည်းနည်းအားလျော့ပါတယ်။ ဒါကြောင့်ဒီပွဲဟာ နှစ်ဖက်ဂိုးတွေသွင်းကြမယ့်ပွဲဖြစ်လို့ ဂိုးများမယ့်ပွဲဖြစ်ပါတယ်။















