ဘိုင်ယန်နဲ့ ဒေါ့မွန်ကို ယှဉ်လာနိုင်တဲ့ လိုက်ပဇစ်

ဘိုင်ယန်နဲ့ ဒေါ့မွန်ကို ယှဉ်လာနိုင်တဲ့ လိုက်ပဇစ်

ဘွန်ဒက်စ်လီဂါကိုကြည့်လိုက်ရင် ဘိုင်ယန်မြူးနစ်ဟာ ပြိုင်စံရှား မဟာအသင်းကြီးပါ။ ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ်ဟာ အသင်းကို အသစ်ပြန်လည်အားဖြည့်ထားချိန်ဖြစ်ပါတယ်။ ဒါ့ပြင် အသင်းရဲ့ စီမံအုပ်ချုပ်တဲ့အပိုင်း မှာလည်း အပြောင်းအလဲတွေ ရှိခဲ့တဲ့ရာသီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အဘက်ဘက်က ပြောင်းလဲမှုတွေရှိနေတဲ့အချိန်မို့ ဘိုင်ယန်မြူးနစ်ဟာ တည်ငြိမ်ခြင်းတို့နဲ့ ဝေးနေလျက်ရှိပါတယ်။ မဟာအင်အားကြီးအသင်း အခုလိုဖြစ်နေချိန်မှာ ဒေါ့မွန်နဲ့ လိုက်ပဇစ်တို့ဟာ ဘိုင်ယန်ကို ယှဉ်နိုင်ဖို့ ကြိုးပမ်းလာနေခဲ့တာတွေ့ရပါတယ်။ အခု ဘွန်ဒက်စ်လီဂါ လေးပွဲကစားပြီးချိန်မှာ လိုက်ပဇစ်ဟာ ဘွန်ဒက်စ်လီဂါကို ဦးဆောင်သူဖြစ်နေပြီး ဒေါ့မွန်ကဒုတိယနေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ကတော့ အဆင့် (၄) မှာပဲ ရပ်တည်လျက်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အဓိကအားထားကစားနေတဲ့ ရော်ဘင်၊ ရစ်ဘာရီ၊ ရာဖင်ဟာ၊ ဟမ်းမဲလ်တို့ အသင်းကထွက်ခွာသွားပြီးတဲ့နောက်မှာ အသင်းကို အသစ်ပြန်လည်ကြိုးစားတည်ဆောက်နေတဲ့ အသင်းဖြစ်ပါတယ်။ လီဝင်ဒေါစကီးကို တိုက်စစ်အထောင်မှာထားပြီး လူငယ်တောင်ပံကစားသမားတွေဖြစ်တဲ့ ကိုမန်-နာဘရီ တောင်ပံတိုက်စစ်အတွဲနဲ့ ကစားနေပေမဲ့ အသင်းက တည်ငြိမ်မှုမရှိသေးတာ တွေ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လေးပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးပေမဲ့ နှစ်ပွဲနိုင် နှစ်ပွဲသရေသာ ကစားထားနိုင်ပါသေးတယ်။ အိမ်ကွင်းမှာဟာသာဘာလင်ကို နှစ်ဂိုးစီသရေကျတဲ့ပွဲဟာ ဘိုင်ယန်မြူးနစ်အတွက် အလွန်နစ်နာတဲ့ပွဲ ဖြစ်ပါတယ်။ အခုနောက်ဆုံးကစားတဲ့ လိုက်ပဇစ်နဲ့ပွဲမှာလည်း တစ်ဂိုးစီသရေကျ သွားခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဘိုင်ယန်မြူးနစ် ကစားနိုင်တာကို မြင်တွေ့ရနိုင်ပေမဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ထိုးဖောက်ကစားပုံတွေက သိပ်ကိုရိုးစင်းလွန်းခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တောင်ပံတွေကိုအားပြုတဲ့ အသင်း ဆိုတာကို လိုက်ပဇစ်ဟာ ဖမ်းဆုပ်ထားခဲ့ပြီး ဖြတ်တင်ဘောတွေကိုထိထိမိမိ ထိန်းချုပ်ကစားသွားတဲ့ အခါ ဘိုင်ယန်မြူးနစ်ဟာလိုက်ပဇစ်ကို အနိုင် မယူနိုင်ဘဲဖြစ် သွားခဲ့ရပါတယ်။ဘိုင်ယန်မြူးနစ်ဟာ အင်တာမီလန်က ပါရီဆစ်၊ ဘာစီလို နာက ကော်တင်ဟိုတို့ကို အငှားနဲ့ ခေါ်ထားပေမဲ့ နည်းပြနီကိုကိုဗက်ဟာ မိန့်ဇ်နဲ့ပွဲမှာသုံးခဲ့ပြီး အဓိကပြိုင်ဘက် လိုက်ပဇစ်ပွဲမှာ မသုံးဘဲထားခဲ့တာကို အံ့သြစရာ ဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ စီမံအုပ်ချုပ်မှုအပိုင်းမှာလည်း အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အဓိကစီမံခန့်ခွဲနေတဲ့ စီအီးအို ကားလ်ဟိန့်ဇ် ရမ်မီနစ်ဂီဟာ အနားယူသွားခဲ့ပြီး အိုလီဗာခန်းကစီအီးအိုရာထူးကိုလွှဲပြောင်းရယူသွားခဲ့ပါတယ်။ ယူလီဟိုးနက်စ်ကတော့ ဘိုင်ယန်မြူးနစ် ဥက္ကအြဖြစ် ရှိနေပါသေးတယ်။ ဒီအပြောင်းအလဲဟာ ဘယ်လိုသက်ရောက်မှုရှိမလဲဆို တာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မနှစ်ကရာသီကတည်းက ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ အကြိတ်အနယ်ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒေါ့မွန်အပြင်လိုက်ပဇစ်ပါ ဘိုင်ယန်မြူးနစ်ကို ပခုံချင်းယှဉ်လာခဲ့ပါတယ်။

လိုက်ပဇစ်ဟာ ဘွန်ဒက်စ်လီဂါကို တန်းတက်လာကတည်းက အသင်းကြီးဖြစ်အောင် တည်ဆောက်လာခဲ့တာဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့ကို ယှဉ်နိုင်တဲ့အသင်းအဖြစ် အချိန်တိုတွင်းမှာ ဖြစ်လာခဲ့ပါတယ်။ လိုက်ပဇစ်ဟာ ၂ဝ၁၆-၁၇ ဘောလုံးရာသီမှာဘွန်ဒက်စ်လီဂါကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီရာသီမှာပဲ တန်းတက် အသင်းလေးလိုက်ပဇစ်ဟာ ဘွန်ဒက်စ်လီဂါမှာ ဒုတိယနေရာကရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ တန်းတက်အသင်းလေးတစ်သင်းရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်။ ၂ဝ၁၇-၁၈ ဘောလုံးရာသီကျတော့ အဆင့် (၆) မှာရပ်တည်ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့ကာ ပြီးခဲ့တဲ့ ၂ဝ၁၈-၁၉ ဘောလုံးရာသီမှာ လိုက်ပဇစ်ဟာ အဆင့် (၃) မှာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုရခဲ့ပါတယ်။ တန်းတက်လာတဲ့ အချိန်တို ဘောလုံးသုံးရာသီအတွင်းမှာ လိုက်ပဇစ်ဟာ ထူးထူးကဲကဲအောင်မြင်မှုတွေရခဲ့တဲ့ မထင်မရှားအသင်းလေးကနေ ဒီနေ့မှာတော့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန် တို့ကိုပခုံးချင်းယှဉ်လာတဲ့အသင်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

လိုက်ပဇစ်ဟာ ဟိုယခင် အရှေ့ဂျာမနီဘက်မှာရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။ အသင်းပိုင်ရှင်က ရက်ဘူးအားဖြည့်အချိုရည်က ပိုင်ဆိုင်ပါတယ်။ သြစတြီးယားမှာရှိတဲ့ ဆဲလ်ဘတ်အသင်းပိုင်ရှင်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် လိုက်ပဇစ်ကစားသမားတွေနဲ့ ဆဲလ်ဘတ်ကစားသမားတွေဟာ လူးလာ ခေါက်ပြန်ရှိတဲ့အသင်းဖြစ်ပါတယ်။ အားကစားဒါရိုက်တာ ရပ်ဖ်ရန်းနစ်ဟာလိုက်ဇစ်ကို ပဲ့ကိုင်နေသူဖြစ်ပါတယ်။ မနှစ်ကရာသီကဆိုရင် သူကိုယ်တိုင် နည်းပြအဖြစ်ဆင်းကိုင်ခဲ့ပြီး လိုက်ဇစ်ကို ချန်ပီယံလိဂ်ဝင်အောင် ကြိုးပမ်းပေးခဲ့ပါတယ်။ ဒီရာသီမှာတော့ ဟော့ဖန်ဟိန်းနဲ့အတူ ထင်ရှားလာတဲ့ လူငယ်နည်းပြ ဂျူလီယန်နီဂျယ်မန်းကို နည်းပြအဖြစ်ခန့်ထားခဲ့ပါတယ်။ နီဂျယ်မန်းဟာ ရန်းနစ်ရဲ့လက်ရုံးတစ်ဦးပဲဖြစ်ပါတယ်။

အခု နီဂျယ်မန်းကိုင်တွယ်နေတဲ့ လိုက်ပဇစ်ဟာ လေးပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ သုံးပွဲနိုင်၊ တစ်ပွဲ သရေကစားကာ ဘွန်ဒစ်လီဂါကို ဦးဆောင်လျက်ရှိနေပါတယ်။ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို သရေကစားခဲ့တာဖြစ်ပါတယ်။ လိုက်ပဇစ်တိုက်စစ်က တိုင်မိုဝါနာ-ဆဘစ်ဆာ-ဖော့စ်ဘတ် တို့ဆိုတာ မထင်မရှားကစားသမားတွေပါ။ အခုတော့လိုက်ပဇစ်ရဲ့ သတိထားရတဲ့ တိုက်စစ် အတွဲတွေဖြစ်လာခဲ့သလို အားလုံးဟာ လက်ရွေးစင်အသင်းက ရွေးချယ်ခံထားရသူတွေ ဖြစ်လာခဲ့ကြပြီ ဖြစ်ပါတယ်။ တိုင်မိုဝါနာဆိုရင် စတုဂတ်ကစားသမားဘဝတုန်းက ဘယ်သူမှမသိခဲ့ကြပါဘူး၊ လိုက်ပဇစ် ရောက်လာတော့ နောက်ဆုံးမှာ ဂျာမန်လက်ရွေးစင်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးပြီး ဒီရာသီ ဘွန်ဒက်စ်လီဂါ လေးပွဲကစားအပြီးမှာ ငါးဂိုးသွင်းထားခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ လိုက်ပဇစ်ရဲ့ ခံစစ်ကြောင်းမှာ ပြင်သစ်လူငယ် ကစားသမားတွေ ခြေစွမ်းပြကစားနေပါ တယ်။ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်သွားခဲ့တဲ့ပြင်သစ် ကစားသမားတွေကနောက်တန်းသမားတွေ ဖြစ်တဲ့ ကိုနက်တေ၊ မူကီလီနဲ့ ခံစစ်အကူ ကွင်းလယ်သမား အင်ကွန်ကူတို့ပါ။ သူတို့တစ်တွေဟာ အသက် ၂ဝ ဝန်းကျင်သာရှိကြသေးတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ လိုက်ပဇစ်တိုက်စစ်ဟာ လေးပွဲကစားအပြီးမှာ ၁ဝ ဂိုးသွင်းထားပြီး ခံစစ်က သုံးဂိုးသာပေးထားရသေးတဲ့အသင်းဖြစ်နေပါတယ်။ နည်းပြက လူငယ်နည်းပြ၊ ကစားသမားတွေက လူငယ်ကစားသမားတွေဖြစ်လို့ လိုုက်ဇစ်ဟာ နုပျိုတဲ့အသင်း ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ကို သရေကစားလိုက်ခြင်းဟာ လိုက်ပဇစ်အတွက် ယုံကြည်မှုတိုးစေတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဘောလုံး သုံးရာသီအတွင်းမှာ ထိပ်တန်းအဆင့်ဖြစ်အောင်တည်ဆောက်ခြင်းအောက်မှာ လိုက်ပဇစ်ဟာ ပိုပြီးတိုးတက်လာနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် ပြန်လည်တည်ဆောက်အားယူချိန်ဖြစ်လို့ လိုက်ပဇစ်အတွက်တော့ အခွင့်ကောင်းပဲ ဖြစ်ပါတယ်။

ယခင်ဘောလုံးရာသီတွေက ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံပြေးလမ်းကို ဒေါ့မွန်က ခြိမ်းခြောက်နေပေမဲ့ ဒီရာသီမှာတော့ လိုက်ပဇစ်လည်းပါလာခဲ့ပြီ ဖြစ်ပါတယ်။နည်းပြ နီဂျယ်မန်းကလည်း လိုက်ပဇစ်ဟာ ဘိုင်ယန်မြူးနစ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ရာသီဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် ကစားသမားတွေနဲ့အတူ အာရုံစူးစိုက်ထားတယ်။ ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို အထူးဂရုစိုက်နေတယ်လို့ ကစ်ကာနဲ့ တွေ့ဆုံခန်းမှာ ပြောဆိုထားတာတွေ့ရပါတယ်။ လိုက်ပဇစ်ဟာ ခံစစ်က ကစားသမားတွေကြည့်လိုက်ရင် မထင်မရှားကစားသမားတွေချည်း ဖြစ်နေတာတွေ့ရပေမဲ့ ခံစစ်က အကောင်းဆုံးကစားနေပါတယ်။ ဂိုးသမား ပီတာဂလူချီဟာ အသက် ၂၉ နှစ်ရှိ ဟန်ဂေရီ ဂိုးသမား ဖြစ်ပါတယ်။ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ၃၃ ပွဲ ကစားခဲ့ပြီး ၁၆ ပွဲကိုဂိုးမပေးခဲ့ရပါဘူး။မနှစ်က တစ်ရာသီ လုံးမှာ ၂၉ ဂိုးသာအသွင်းခံခဲ့ရပါတယ်။ လိုက်ပဇစ်နောက်တန်းဟာ ပြင်သစ်ကစားသမားတွေနဲ့ အဓိက တည်ဆောက်ထားပါတယ်။ ကိုနက်တေ၊ မူကီလီ၊ယူပါမီကာနိုတို့ဟာ ဟန်ဂေရီနောက်တန်းသမား အော့ဘန်၊ ဂျာမန်နောက်တန်းသမား ဟယ်စတန်ဘတ်တို့နဲ့ တွဲဖက်ကစားနေကြတဲ့ လူငယ်နောက်တန်းသမားတွေဖြစ်ပါတယ်။ နောက်တန်းတောင့်တင်းခြင်းဟာ လိုက်ပဇစ်ရဲ့ အားသာချက်ဖြစ်ပါတယ်။ တိုက်စစ်မှာတိုင်မိုဝါနာ-၊ ဆဘစ်ဆာ၊ ဖော့စဘတ်တို့အပြင် ဒိန်းမတ်ကစားသမားပေါ်လ်ဆင်၊ အ င်္ဂလိပ်ကစားသမား လွတ်မန်း၊ဘရာဇီးလ်ကစားသမား ကူချ်နာတို့လို အရန်တိုက်စစ် တောင့်တင်းနေခြင်းကလည်း လိုက်ပဇစ်ရဲ့ အားသာချက် ဖြစ်ပါတယ်။

မနှစ်ကရာသီပြီးသွားတော့ ဘိုင်ယန်မြူးနစ်ဟာချန်ပီယံဖြစ်ခဲ့ပြီး လိုက်ပဇစ်ဟာ ၁၂ မှတ်၊ ဒေါ့မွန်နဲ့ ၁ဝ မှတ် ကွာဟခဲ့ပေမဲ့ ဒီရာသီမှာတော့ လိုက်ပဇစ်ဟာ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့ကို အကြိတ်အနယ် ဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယုံကြည်နေမိပါရဲ့။



ဖတ်ရှုမှုအများဆုံး