ဂရင်းဝုဒ်အား ဆိုးလ်ရှား ချီးကျူး၊ ဝက်စ်ဟမ်းပွဲ ကစားသမားသုံးဦးလွဲ

ဂရင်းဝုဒ်အား ဆိုးလ်ရှား ချီးကျူး၊ ဝက်စ်ဟမ်းပွဲ ကစားသမားသုံးဦးလွဲ

မန်ယူအသင်းသည် စက်တင်ဘာ ၁၉ ရက်က အိမ်ကွင်းတွင် ယူရိုပါလိဂ်အုပ်စုအဖွင့် ပွဲအဖြစ် အက်စ်တာနာနှင့်ကစားခဲ့ရာ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်၏တစ်လုံးတည်းသော ဂိုးဖြင့် တစ်ဂိုး ဂိုးမရှိ အနိုင်ရခဲ့သည်။

မန်ယူနည်းပြဆိုးလ်ရှားသည် ပွဲထွက် လူစာရင်းတွင် ရက်ဖို့ဒ်၊ တာဟစ်ချောင်၊ ဂရင်း ဝုဒ်၊ ဂိုမက်စ်၊ မာတစ်နှင့် ဖရက်ဒ်အစရှိသော ကစားသမားများကိုအသုံးပြုခဲ့သည်။ ဆိုးလ် ရှားသည် ပွဲထွက်စာရင်း၌ အသက် (၁၇) နှစ် အရွယ် ဂရင်းဝုဒ်ကို ပထမဆုံးအကြိမ်ယုံယုံ ကြည်ကြည်ဖြင့်အသုံးပြုခဲ့ပြီး ဂရင်းဝုဒ်မှာလည်း အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

မန်ယူ သည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ရာခိုင် နှုန်း ၇၄ ရရှိအောင် ဖိအားပေးကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ် (၂၀) ရှိခဲ့ရာ ခုနစ်ကြိမ် ဂိုးပေါက်တည့်ခဲ့သည်။ အက်စ်တာ နာမှာ တစ်ပွဲလုံးတွင် ဂိုးပေါက်တည့် ကန် သွင်းမှု တစ်ကြိမ်မျှမရခဲ့ပေ။ မန်ယူသည် ပွဲချိန် ၇၃ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး လူငယ်ကစား သမားဂရင်းဝုဒ်က သွင်းယူပေးခဲ့သည်။

ဂရင်းဝုဒ်သည် ပင်နယ်တီဧရိယာအတွင်းမှ ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး အဆုံးသတ်အားကောင်း မှုကို ပြသနိုင်ခဲ့သည်။ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော မန်ယူသည် ၂၀၁၉ မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ပွဲဆက်အနိုင် ရခဲ့သည်။ ပွဲအပြီး၌ မန်ယူနည်းပြ ဆိုးလ်ရှားက ဂိုးသွင်းပေးခဲ့သော ဂရင်းဝုဒ်အား ချီးကျူးခဲ့ သည်။

ဆိုးလ်ရှားက"မာဆန်ဂရင်းဝုဒ်ဟာ ကျွန်တော်တို့ ဆက်ထိန်းရမယ့်သူတွေ ထဲက တစ်ယောက်ပါ။ သူဟာ ဒီရာသီမှာ အသင်း အတွက် အရေးကြီးကစားသမားဖြစ်လာမှာပါ။ သူဟာပွဲများများစားစား မကစားရသေးဘူး။ ဒါပေမဲ့ သူ ကစားခွင့်ပိုရတော့မှာပါ"ဟု ချီးကျူးခဲ့သည်။ ဂရင်းဝုဒ်သည် ၂၀ဝ၀ ပြည့် နှစ်၌မွေးဖွားခဲ့ပြီး မန်ယူအတွက် ဂိုးသွင်းပေး သည့်ပထမဆုံးကစားသမားဖြစ်ခဲ့သည်။

မန်ယူနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး မာရှယ်၊ ကွင်းလယ်လူ ပေါ့ဘာနှင့် နောက်ခံလူ လုခ်ရှောတို့မှာ ကြံ့ခိုင်မှုမပြည့်ဝ၍ ဝက်စ်ဟမ်းပွဲ လွဲမည်ဖြစ်ပြီး ဒန်နီရယ်ဂျိမ်းစ် ကစားနိုင်မည် ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး