စစ်ရေးအရ မဟာမိတ်ပြုထားသည့် ရခိုင်လက်နက် ကိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအာင်း အဖွဲ့(TNLA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျဆောင်ရွက် လို၍ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း ၎င်းတို့က စက်တင်ဘာ၂၀ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းတို့သုံးဖွဲ့အနေဖြင့် ပြည်တွင်းစစ်ပွဲများရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် (Bilateral Ceasefire Agreement) သဘောတူလက်မှတ်ထိုးနိုင်မည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းများကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် နှင့် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရန်အတွက် ယခုလိုတစ်ဖက် သတ် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသုံးဖွဲ့အနေဖြင့် မူလက စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာအပစ်အခတ်ရပ်ဆိုင်းခြင်းကို ကြေညာထားပြီးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဒီဇင်ဘာ ၃၁ ရက်အထိ ရက်ထပ်တိုးကြေညာခြင်းဖြစ်ကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ ဆန္ဒရှိပါက ၎င်းတို့အနေဖြင့် တပ်မတော်နှင့်ပူးတွဲ အပစ်အခတ်ရပ်ဆိုင်းရန် အဆင်သင့် ရှိကြောင်း ကြေညာချက်၌ ဖော်ပြခဲ့သည်။
ခုခံကာကွယ်မည်
ယခုကဲ့သို့ ကြေညာထားသည့်ကာလအတွင်း တပ်မတော်ဘက်မှ ၎င်းတို့အဖွဲ့များထဲမှ တစ်ဖွဲ့ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ တပ်စခန်း၊ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ၎င်းတို့ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခြင်း၊ တိုက်ပွဲများမရှိဘဲ လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်သင်္ဘော၊ ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးအမုန်းတရားဖြင့် ဦးတည်တိုက်ခိုက်ခြင်း၊ တိုက်ပွဲရှောင်များကို ရိက္ခာဖြတ်တောက်ခြင်း စသည့်ကိစ္စများ ပြုလုပ်မည်ဆိုပါကမူ ၎င်းတို့သုံးဖွဲ့အနေဖြင့် ခုခံကာကွယ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။















