ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်း အတွက်အားထားရသော အင်္ဂလန်ကွင်းလယ်လူ မာဆန် မောင့်မှာ လီဗာပူးနှင့်ပွဲတွင်ပါဝင်ကစားနိုင်ရန် အခွင့်အရေး ရှိဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။
မာဆန် မောင့်သည် ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအတွက် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်ဂိုးများလည်း သွင်း ယူထားသူဖြစ်သည်။ မာဆန်မောင့်သည် ဗလင်စီယာနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ပြိုင်ဘက် ကစားသမား ကိုကွီလင်၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ၁၆ မိနစ်သာ ကစားခဲ့ရသည်။ ခြေကျင်းဝတ်လည်သွားသော မာဆန်မောင့်သည် ဒဏ်ရာ ကြောင့် ကာလရှည်နားရမည်ဟု ထင်မှတ်ခဲ့ရသည်။
သို့သော် အင်္ဂလန်ကစားသမား၏ ဒဏ်ရာမှာ ပြင်းထန်မှု မရှိသောကြောင့် လီဗာပူးပွဲကစားရန် အခွင့်အရေး ရှိနေသည်။
လမ်းပတ်က "မာဆန်မောင့်မှာ အခွင့်အရေးရှိပါတယ်။ အစကတော့ ဒဏ်ရာပြင်းထန်မယ်လို့ ထင်ခဲ့ရတယ်။ သူ့ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ထားပါတယ်။ သူအခြေ အနေကောင်းရင် ကစားနိုင်မှာပါ"ဟု ဆိုခဲ့သည်။
ချယ်လ်ဆီးကစားသမား ဝီလျံက ဟာဇက်ကွက် လပ်ကို တိုက်စစ်မှူးအေဗရာဟမ် ဖြည့်နိုင်မည်ဟုယုံကြည် နေသည်။ ဝီလျံက "ကျွန်တော့်အထင်ပြောရရင် ဟာဇက် ထွက်သွားတာက အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ဟာဇက်ဟာ အဖြေပြောင်းနိုင်တဲ့ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ကွဲပြားခြားနားအောင် ကစားနိုင်တဲ့ ကစားသမားတွေရှိပါသေးတယ်။ လက်ရှိ အချိန်မှာ အေဗရာဟမ်က အကောင်းဆုံးကစားပေးနေ တယ်။ သူဂိုးတွေလည်းသွင်းတယ်။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ လူငယ်ကစားသမားတွေကောင်းလာ ကြတယ်။ ချယ်လ်ဆီးက ချယ်လ်ဆီးပါပဲ။ ပြိုင်ပွဲတိုင်းကို နောက်ဆုံးအချိန်အထိ ကျွန်တော်တို့အသင်း တိုက်ပွဲဝင် သွားမှာပါ"ဟု ပြောကြားခဲ့သည်။















