တပ်မတော်၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလပြီးဆုံး၊ သက်တမ်းတိုးရန်မရှိတော့

တပ်မတော်၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလပြီးဆုံး၊ သက်တမ်းတိုးရန်မရှိတော့

မြန်မာ့တပ်မတော်က တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလသည် စက်တင်ဘာ ၂၁ ရက်(ယမန်နေ့)က ပြီးဆုံးပြီဖြစ်ရာ တပ်မတော် အနေဖြင့် လက်ရှိအခြေအနေအရ သတ်တမ်းတိုးရန်မရှိတော့ကြောင်း သိရသည်။

''ကျွန်တော်တို့ လက်ရှိအခြေအနေအထိတော့ သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ပါဘူး''ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်းဒေသငါးခုကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က စတင်ကာတစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် ကြားကာလအတွင်း သက်တမ်းတိုးမှုများရှိခဲ့သော်လည်း စုစုပေါင်းအပစ်အခတ်ရပ်စဲရေးကာလ ကိုးလပြည့်ချိန်တွင် သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သိသာသောဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကိုအလိုရှိခဲ့သော်လည်း မျှော်လင့်သကဲ့သို့ဖြစ်မလာဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးခါနီးမှ ဆွေးနွေးပွဲများပြုလုပ်လေ့ရှိခြင်း၊ နောက်ဆုံးတွေ့ဆုံခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲ၌ မည်မည်ရရ ရလဒ်ထွက်ပေါ်မလာမှုကြောင့် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး