ပန်းတောင်းမြို့နယ်တွင် ငွေမရှင်းနိုင်သဖြင့် ကေတီဗီဆိုင်မှ ထွက်ပြေးသည့်ကိစ္စ စကားများရန်ဖြစ်ရာမှ လူသတ်မှု စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်။
ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာ ၊ညောင်ခြေထောက်အုပ်စုနေ နေလင်းထွန်းက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါနေ့ ညနေ၆နာရီ မိနစ် ၄၀ ခန့်တွင် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
နေလင်းထွန်းက သက်ဆိုင်ရာသို့တိုင်ကြားရာ၌ ယင်းနေ့ ညနေ၅နာရီမိနစ်၅၀ခန့်က ဥသျှစ်ပင်မြို့၊ရတနာပုံရပ်ကွက်၊ပုသိမ်-မုံရွာကားလမ်းမဘေး ဘူးဘက်ဂိတ်တွင် တာဝန်ကျရဲတပ်သား သဲကိုကိုနှင့် ဆင်လန် ကျေးရွာနေ ဖိုးခင်လှတို့ ပုသိမ်မုံရွာကားလမ်းဘေးလမ်းမပေါ်၌ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ထိုသို့ဖြစ်ပွားစဉ် ၎င်းနှင့် ဖိုးခင်လှတို့က သဲကိုကို ကို ဝိုင်းဝန်းထိုးကြိတ်ကြကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။
သဲကိုကို၏ ညာဘက်ပါးပေါ်တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်အောက်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ယာဘက်နှာခေါင်းပွန်းဒဏ်ရာတစ်ချက်ရရှိခဲ့သည်။
သဲကိုကိုက လမ်းမဘေးတွင်တွေ့ရှိရသော လက်သန်းလုံးခန့်ရှိ သံချောင်း ဖြင့်ထိုးသဖြင့် နေလင်းထွန်း၏ ကျောကုန်းတွင် ပွန်းပဲ့ဒဏ်ရာ တစ်ချက်၊ ဖိုးခင်လှကို ရင်ညွန့်တည့်တည့်ထိုးမိပြီး ဆေးရုံပို့အပ်စဉ်သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ညီဖြစ်သူ ဖိုးခင်လှကို သေဆုံးအောင်ပြုလုပ်သူ သဲကိုကိုအားအရေးယူပေးရန် နေလင်းထွန်းက တိုင်ကြားခဲ့သည်။
ဥသျှစ်ပင်နယ်မြေရဲစခန်းက(ပ)၁၀၉/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၂၄အရအမှုဖွင့်ကာ စစ်ဆေးခဲ့သည်။ ပြစ်မှုကျူးလွန်သူသဲကိုကို(၂၅)နှစ်ကို ဖမ်းဆီးစစ်မေးရာ သေဆုံးသူ ဖိုးခင်လှ၊နေလင်းထွန်းနှင့် ၎င်းသည် သူငယ်ချင်းများဖြစ်ကြပြီး ၎င်းတို့သုံးဦးသည် အခင်းဖြစ်နေ့က ဥသျှစ်ပင်မြို့ပုသိမ် - မုံရွာကားလမ်းဘေးရှိ KTV စားသောက်ဆိုင်သို့ သွားရောက်စားသောက်သီချင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
အချိန်ပြည့်သွားရာ ကုန်ကျစရိတ်ဘေလ်ရှင်းမည်ပြုစဉ် ၎င်းတို့ထံတွင်ပိုက်ဆံပါမလာသဖြင့် ငွေမရှင်းနိုင်သောအချိန်၌ ဖိုးခင်လှနှင့်နေလင်းထွန်းတို့က အပြင်သို့ထွက်ပြေးကြကြောင်း၊ ၎င်းက ငွေမှာထားကြောင်း၊လာပို့နေပြီဖြစ်ကြောင်း စားသောက်ဆိုင် ကေတီဗီ(KTV) စားပွဲထိုးများကို စကားပြောဆိုတောင်းပန်ခဲ့ရကြောင်း သက်ဆိုင်ရာထံသို့ ထွက်ဆိုခဲ့သည်။
ထို့နောက် ၎င်းသည် ပုသိမ်-မုံရွာကားလမ်းမပေါ်သို့သွားကာ ထွက်ပြေးသည့်ကိစ္စအတွက် နေလင်းထွန်းတို့နှင့် စကားများစဉ် နေလင်းထွန်းတို့က ၎င်းကိုဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုသည်။
၎င်းသည်မြေပြင်သို့လဲကျသွားရာ အနီးအနားတွင် တွေ့ရသော(၈)လက်မခန့်(လက်သန်းလုံးခန့်)ရှိ သံချောင်းနှင့်နေလင်းထွန်းကိုထိုးစဉ် နေလင်းထွန်း၏ညီတော်စပ်သူဖိုးခင်လှကသူ့အစ်ကိုကိုလုပ်ရပါ့မလားဆိုကာအနောက်မှအရှိန်နှင့်ပြေးလာစဉ် ၎င်းကအနောက်သို့လှည့်ကာဖိုးခင်လှ၏ရင်ညွန့်ကိုထိုးလိုက်ရာမှ သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။
သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူ သဲကိုကို ကို ဥပဒေအရ ဆက်လက်အမှုဖွင့်အရေးယူထားသည်။

















