စက်မှုဇုန် ၂ အတွင်း ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ရသည့်အမျိုးသား ဆေးရုံ၌ သေဆုံး

စက်မှုဇုန် ၂ အတွင်း ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ရသည့်အမျိုးသား ဆေးရုံ၌ သေဆုံး

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ အတွင်း ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည့်အမျိုးသား ဆေးရုံ၌ သေဆုံးမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၂၂ ရက်တွင် အမှုဖွင့်အရေးယူထားသည်။

စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဓားထိုးခံရသည့် အမျိုးသားတစ်ဦးရောက်နေကြောင်းသတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး နယ်ထိန်းခေါင်းဆောင် ရဲအုပ် လှရွှေနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဒဏ်ရာရရှိသူသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ရှိ အဆောင်နေထိုင်သူ သီဟဇော်(၂၄)နှစ်ဖြစ်ပြီး ဝဲဘက် ဝမ်းဗိုက် ထိုးသွင်းအူထွက်ဒဏ်ရာ၊ ယာခြေသလုံးပြတ်ရှ ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့်အနေအထားဖြင့် ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ပန်လှိုင်ဂေါက်ကွင်း၊ လှသိင်္ဂီလမ်း၊တိုကျိုမိုက်စက်ရုံဘေးတွင် ဓားဒဏ်ရာများရရှိလဲကျနေသဖြင့် အနီးနားရှိအဆောင်နေထိုင်သူများက ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ သီဟဇော် (၂၄)နှစ်သည် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၂၂ ရက်နံနက် ၁ နာရီ ၅၅ မိနစ်တွင် သေဆုံးခဲ့သည်။လှိုင်သာယာမြို့မရဲစခန်းကမူလဖွင့်လှစ်ထားသည့် (ပ)၅၅၇၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆ မှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ သို့ ပြောင်းလဲအရေးယူကာ တရားခံဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိသည်။