ရေးမြို့နယ် အစင်ကျေးရွာတွင် မိဘအုပ်ထိန်းမှုအောက်ရှိ အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်ကို ကွမ်းသီးကောက်ရန် ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးမှုအား သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ လူသတ်အလောင်းဖျောက်မှု စက်တင်ဘာ ၂၁ ရက်၌ ပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက် နံနက် ၈ နာရီခန့်တွင် ခဲအိုဖြစ်သူ မျိုးနိုင်(၃၃) နှစ်က ကွမ်းသီးကောက်ရန်အတွက် ရေးမြို့နယ် အစင်ကျေးရွာနေ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးကို လာရောက်ခေါ်သဖြင့် မိဘများက ထည့်ပေးခဲ့သည်။
အဆိုပါ အမျိုးသမီးငယ်မှာ ပျောက်ဆုံးနေသဖြင့် လူပျောက်မှုဖွင့်လှစ် စုံစမ်းခဲ့သော်လည်း လာရောက်ခေါ်ဆောင်သူ ခဲအိုဖြစ်သူ မျိုးနိုင်က ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တိကျစွာပြောဆိုနိုင်ခြင်းမရှိသဖြင့် မိခင်ဖြစ်သူက အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ရေးမြို့မရဲစခန်းက(ပ)၂၇၃၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၈ အရ အမှုဖွင့်ကာ မျိုးနိုင်ကို ချုပ်ရမန်ရယူ၍ စစ်ဆေးခဲ့သည်။ ဒုတိယချုပ်ရမန်ဖြစ်သည့် စက်တင်ဘာ ၂၀ ရက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုနှင့်အဖွဲ့က အမှုကို အသေးစိတ်စစ်ဆေးခဲ့ရာ ထိန်းသိမ်းထားသူ မျိုးနိုင်က အခင်းဖြစ်နေ့က ကွမ်းသီးကောက်ရန် သေဆုံးသူကို မိဘများထံမှ ခေါ်ယူကာ အစင်ကျေးရွာရှိ ဥယျာဉ်ခြံအတွင်းသို့ သွားရောက်ခဲ့ကြောင်း၊ ထို့နောက် ညနေ ၅ နာရီတွင် လှမ်းထားသည့် နွားများပြန်သိမ်းဆည်းရန်အတွက် တော အတွင်းသို့ သွားခဲ့ကြောင်း၊ မျိုးနိုင်က သေဆုံးသူ မိန်းကလေးငယ်ကို ရည်းစားစကားပြောဆိုရာ ၄င်းက ကြောက်လန့်ထွက်ပြေးစဉ် ခလုတ်တိုက်လဲရာမှ ကျောက်ခဲနှင့် ဆောင့်မိ၍ သတိလစ်လဲကျခဲ့ ကြောင်း၊ ထို့နောက် ပွေ့ချီ၍ ရေးမြစ်အတွင်းသို့ မျှောခဲ့ကြောင်း ကနဦး ထွက်ဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ် ရေးမြို့သောင်ပြင်ကျေးရွာ ကမ်းစပ်တွင် မြှုပ်နှံထားသည့် အလောင်းတစ်လောင်းကို စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီ ၅ မိနစ်က တွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သက်ဆိုင်ရာသို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသည့် မိန်းကလေးအလောင်းဖြစ်နေကြောင်း သိရှိခဲ့ရပြီး မိဘများက အတည်ပြုခဲ့ကြသည်။
မျိုးနိုင်၏ ကနဦးထွက်ဆိုချက်များအရ မြစ်အတွင်းသို့ ပစ်ချခဲ့သည်ဟုဆိုသော်လည်း အလောင်းမြှုပ်နှံထားမှုတို့မှာ ကွဲလွဲနေသဖြင့် သက်ဆိုင်ရာက အသေးစိတ်စစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသမီးငယ်ကို ၎င်းကသတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
သေဆုံးသူ၏ အလောင်းကို ရေးမြို့ဆေးရုံကြီးသို့ပို့အပ်ကာ စစ်ဆေးချက်များအရ အလောင်းတွင်ယာ ဘက်လည်ပင်းပြတ်ရှ၊ဝဲဘက်နားအောက်ပေါက်ပြဲခဲ့ပြီး ယာဘက်လည်ပင်းပြတ်ရှရာမှသွေးကြောပြတ်ကာ သွေးထွက်လွန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ မျိုးနိုင်ကို ရေးမြို့မရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၂၇၃၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၈ မှ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်ကာ ဥပဒေအကြံတောင်းယူထားသည်။

















