လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာသည် စက်တင်ဘာ ၂၁ ရက်က လာလီဂါပွဲစဉ် ၅ အဖြစ် တန်းတက်ဂရန်နာဒါကွင်းသို့ သွားရောက် ကစားခဲ့ရာ နှစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်များဖြင့် ကြုံတွေ့နေရသည်။
ဘာစီလိုနာ နည်းပြ ဗယ်ဘာဒီသည် ပွဲထွက်လူစာရင်းတွင် မက်ဆီကိုချန်လှပ်ခဲ့ပြီး ဂရစ်ဇ်မန်း၊ ဆွာရက်ဇ် နှင့် ပီရက်ဇ်တို့ကို အသုံးပြုခဲ့သည်။ ဂရန်နာဒါ သည် ပွဲအစ၌ပင် ဦးဆောင်ဂိုးရခဲ့ပြီး ရာမွန် အေဇီးက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ နည်းပြဗယ်ဘာဒီသည် ဒုတိယပိုင်းတွင် မက်ဆီ ကိုထည့်သွင်း၍ ချေပဂိုးပြန်ရရန် ကြိုးစားခဲ့သော် လည်း အရာမထင်ခဲ့ပေ။
ဂရန်နာဒါသည် ပွဲချိန် ၆၆ မိနစ်တွင် ပင်နယ်တီရခဲ့ပြီး ဘာဒီလိုက သွင်းယူပေးခဲ့၍ ဒုတိယဂိုးထပ်ရခဲ့သည်။ ဘာစီလိုနာသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင် နှုန်းရရှိအောင် ကစားနိုင်ခဲ့သော်လည်း ဂိုး ပေါက်တည့်ကန်သွင်းမှု တစ်ကြိမ်သာရရှိခဲ့ သည်။ ပွဲရလဒ်မပြောင်းခဲ့၍ ဘာစီလိုနာမှာ ယခုရာသီ ဒုတိယမြောက်လာလီဂါရှုံးပွဲ ရင် ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဘာစီလိုနာသည် လာလီဂါငါးပွဲကစားပြီးချိန်၌ ခုနစ်မှတ်သာရရှိ ခဲ့ရာ ၁၉၉၄ - ၉၅ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစရလဒ်ရင်ဆိုင်ခဲ့ရသည်။
ဘာစီလိုနာသည် ယခုနှစ်လာလီဂါ ငါးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ ဘာစီလိုနာသည် ရာသီအစပွဲ တွင် ဘီလ်ဘာအိုကွင်း၌ တစ်ဂိုးဂိုးမရှိဖြင့် ရှုံး နိမ့်ခဲ့သည်။ ဘာစီလိုနာသည် အိမ်ကွင်းတွင် ဘက်တစ်နှင့် ဗလင်စီယာကို ဂိုးပြတ်အနိုင်ရခဲ့ သော်လည်း အိုဆာဆူနာကွင်းတွင် နှစ်ဂိုးစီ သရေသာကစားနိုင်ခဲ့သည်။ ဘာစီလိုနာသည် ငါးပွဲကစားပြီးချိန် ကိုးဂိုးပေးထားရာ ၁၉၉၆ - ၉၇ ဘောလုံးရာသီနောက်ပိုင်း လာလီဂါ၌ ပေးဂိုးများနေသည်။
ဘာစီလိုနာနည်းပြ ဗယ်ဘာဒီက "အသင်း ရဲ့အခြေအနေကို စိုးရိမ်နေပါတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ရဲ့ အဝေးကွင်းရလဒ် တွေ ဆိုးရွားနေပါတယ်။ ပွဲကိုထိန်းချုပ်ကစား နိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ မလုပ်နိုင်ခဲ့ဘူး"ဟု ပွဲအပြီး၌ ဝန်ခံခဲ့သည်။ ဘာစီလိုနာသည် လာလီဂါပွဲစဉ် ၆ တွင် ဗီလာရီးရဲလ်နှင့် ကစား ရမည်ဖြစ်သည်။















