ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီး အသင်းသည် စက်တင်ဘာ ၂၁ ရက်က အိမ် ကွင်းတွင် ဝက်ဖို့ဒ်နှင့်ကစားခဲ့ရာ ရှစ်ဂိုးဂိုးမရှိ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မန်စီးတီးတိုက် စစ်တွင် အဂူရို၊ မာရက်ဇ်နှင့် ဘာနာဒိုဆေးလ် ဗားတို့ ပါဝင်ခဲ့ပြီး ကွင်းလယ်တွင် ဒေးဗစ် ဆေးလ်ဗား၊ ရိုဒရီနှင့် ဒီဘရိုင်းတို့ ပါဝင်ကစား ခဲ့သည်။ ဝက်ဖို့ဒ်တိုက်စစ်ကို ဒယ်လိုဖူဦးဆောင် ခဲ့ပြီး မန်စီးတီးကွင်းတွင် ရလဒ်ကောင်းရန် ပြင်ဆင်ခဲ့သော်လည်း အကြီးမားဆုံးဂိုးပြတ်ရှုံး ပွဲဖြင့် ရင်ဆိုင်ခဲ့ရသည်။
မန်စီးတီးသည် ပထမ ပိုင်းတွင် ငါးဂိုးပြတ်အနိုင်ရခဲ့ပြီး ပွဲကိုဦးဆောင် ခဲ့သည်။ မန်စီးတီးအတွက်ဂိုးများကို ဒေးဗစ် ဆေးလ်ဗား၊ အဂူရို၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ် ဗားနှင့် အော့တာမန်ဒီတို့က သွင်းယူခဲ့သည်။ အဂူရိုသည် ခုနစ်မိနစ်တွင် ပင်နယ်တီမှဒုတိယ ဂိုးသွင်းခဲ့ပြီး အော့တာမန်ဒီဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့သည်။
ဘာနာဒိုဆေးလ်ဗားသည် ခြေစွမ်းပြခဲ့ပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းခဲ့၍ ဟက်ထရစ် ရရှိခဲ့သည်။ မန်စီးတီးအတွက် အပိတ်ဂိုးကို ဒီဘရိုင်းက ၈၅ မိနစ်တွင် သွင်းယူပေးခဲ့၍ ရှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
မန်စီးတီးသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၈ ကြိမ်ရခဲ့ပြီး ၁၁ ကြိမ်ဂိုးပေါက်တည့်ခဲ့သည်။ မန်စီးတီးသည် အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးလိဂ်ဂိုးပြတ်နိုင်ပွဲ ဖန်တီးခဲ့သည်။ ဘာနာဒိုဆေးလ်ဗားမှာ ပရီးမီးယားလိဂ် ၁၇၈ ပွဲတွင် ပထမဆုံးဟက်ထရစ်ရခဲ့သည်။ အဂူရို မှာ အိမ်ကွင်းအီတီဟတ်တွင် ပရီးမီးယားလိဂ် ဂိုး ၁၀ဝ သွင်းယူနိုင်ခဲ့သည်။
ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီးနောက် နည်းပြဂွာဒီယို လာက ပွဲရလဒ်အပေါ် အားရနေပြီး ကစား သမားများအား ချီးကျူးခဲ့သည်။ ဂွာဒီယိုလာက"ငါးကြိမ်ကန်ခွင့်ရတယ်။ ငါးဂိုးသွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်အတွက် ကြောက်စရာကောင်းခဲ့တယ်။ တစ်ခါတလေ ကျရင် ၁၅ ကြိမ် အကြိမ် ၂၀ လောက် ဂိုးသွင်း ခွင့်ရပေမယ့် ဂိုးမရတာတွေ ရှိတယ်။ ဒီနေ့က တော့ ကျွန်တော်တို့အားလုံးအတွက် ချစ်စရာ ကောင်းတဲ့ နေ့လေးဖြစ်ခဲ့ပါတယ်"ဟု ပြောဆို ခဲ့သည်။















