လေးနှစ်ကလေးတစ်ဦး လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကိုကြိုးချည်လျက်အသတ်ခံရ

လေးနှစ်ကလေးတစ်ဦး လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကိုကြိုးချည်လျက်အသတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ အသားတုစက်ရုံတစ်ရုံ၏နောက်တွင် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကိုကြိုးချည်နှောင်လျက် အသတ်ခံရမှုကို သက်ဆိုင်ရာက စက်တင်ဘာ၂၂ ရက်၌ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ ည၁၀နာရီ ၅ မိနစ်တွင် ရွှေပေါက္ကံမြို့သစ် စက်မှုဇုန်ရပ်ကွက်နေ ဒေါ်----က သက်ဆိုင်ရာသို့တိုင်ကြားရာ၌ မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ်တွင် အဝတ်များမီးပူတိုက်နေစဉ် အသက် လေး နှစ်အရွယ် သားဖြစ်သူသည် နေအိမ်တွင်ဆော့ကစားနေခဲ့ကြောင်း၊ထိုသို့ကစားနေရာမှ အိမ်အောက်သို့ ဆင်းသွားခဲ့ပြီး မိနစ် ၂၀ ကြာချိန်အထိ နေအိမ်ပေါ်သို့ ပြန်တက်မလာသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း ၎င်းက သက်ဆိုင်ရာထံ ပြောကြားခဲ့သည်။

ထိုသို့ ရှာဖွေနေစဉ် နေအိမ်အနီး အသားတုစက်ရုံနောက်ကျောဘက် ကိုက် ၅ဝခန့်အကွာရှိ ခြုံထဲတွင် သားဖြစ်သူကို အနီရောင်ပလတ်စတစ်အကြွပ်စဖြင့် လက်နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းတွင်လည်းအနီရောင်ပလတ်စတစ်အကြွပ်စဖြင့်ချည်နှောင်ထားလျက် သေဆုံးနေသည်ကို ရာအိမ်မှူးနှင့်အဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သားဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန် သေဆုံးသူကလေး၏ မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ရွှေပေါက္ကံနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရန်နှင့် ကလေးငယ်အသတ်ခံရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။