လှိုင်သာယာမြို့နယ်တွင် ဂိမ်းကစားနေပြီး တံခါးလာမဖွင့်ပေးသည့် တူဖြစ်သူကို အရက်မူးနေသည့် ဦးလေးက ပုလင်းနှင့်ရိုက်ကာ ပုလင်းကွဲဖြင့်ထိုးသတ်မှု စက်တင်ဘာ ၂၂ ရက်၌ ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာရှိ နေအိမ်တစ်အိမ်၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဦးခေါင်းခွံတွင် သွေးထွက်ဒဏ်ရာ၊ ဘယ်လက်မောင်းရင်းအတွင်းဘက် ထိုးသွင်းဒဏ်ရာများရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူသည် အဖိုးဖြစ်သူ၏ နေအိမ်တွင် ရှိနေပြီး ဂိမ်းကစားနေစဉ် ဦးလေးဖြစ်သူ ကိုကိုဇူးဇင်(ခ) ဖိုးလပြည့်(၂၇)နှစ်က အရက်မူးပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုသို့ရောက်ရှိလာစဉ် တူဖြစ်သူကိုနေအိမ်တံခါးဖွင့်ခိုင်းခဲ့ကြောင်း၊ တူဖြစ်သူက ဂိမ်းကစားနေပြီး တံခါးမှာ ဂျက်မထိုးထားသဖြင့် တံခါးဖွင့်ထားကြောင်း ဦးလေးကို လှမ်းပြောခဲ့ရာ ဦးလေးက မကျေမနပ်ဖြစ်ကာ “ မင်း ဘာအချိုးချိုးတာလဲ” ဟု ပြောဆိုပြီး သေဆုံးသူ၏ ပါးကို နှစ်ချက်ဆင့်ရိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် အနီးရှိ အရက်ပုလင်းခွံဖြင့် တူဖြစ်သူ၏ ဦးခေါင်းကို ရိုက်ခဲ့စဉ် ပုလင်းမှာ ကွဲသွားပြီး ယင်း ပုလင်းကွဲဖြင့် ထပ်မံထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အခင်းဖြစ်စဉ် ဝင်ရောက်ဆွဲခဲ့သည့် ဖခင်ဖြစ်သူနှင့် အဒေါ်တို့ကိုလည်း ကိုကိုဇူးဇင်က ပုလင်းကွဲဖြင့် လိုက်ထိုးသောကြောင့် ထွက်ပြေးခဲ့ရသည်။
ဒဏ်ရာရရှိသူ အသက် ၂၅ နှစ်အရွယ်တူဖြစ်သူ လူငယ်ကို လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
သောင်ကြီးနယ်မြေ ရဲစခန်းက(ပ) ၂၅၉၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ တရားခံကို ဖမ်းဆီးအရေးယူထားသည်။
















