ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာအမျိုးသားတွေလည်းကိုယ့်ရဲ့ မျက်နှာအသားအရည်ကိုအရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။
ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာအလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။
မျက်နှာကအဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။
ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရောကိုယ့်ရဲ့ အသားအရည်ကိုဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာကိုဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကိုရှောင်ပါ
မျက်နှာကိုမနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ ပုံမှန် ၂ကြိမ်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာလည်းအမွှေးရနံ့တွေ ပါဝင်တဲ့ ဆပ်ပြာတွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစားဆပ်ပြာအပျော့လေးကိုသုံးပြီးရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။
၂။ မျက်နှာကိုခြောက်သွားအောင် ဖွဖွလေးသုတ်ပေးပါ
မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်းမျက်နှာကိုအောက်ဆွဲချပြီးမသုတ်ပဲဖွဖွလေးပုတ်ပြီးသုတ်ပေးပါ။
၃။ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ
မျက်နှာအသားအရည်ဟာစိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်းအစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရပါမယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓာတ်ထိန်းခရင်မ်ကိုရွေးတဲ့အခါမှာအဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကိုရွေးချယ်သင့်ပါတယ်။
၄။ မျက်နှာပေါ်ကဆဲလ်အသေတွေကိုပုံမှန်ဖယ်ရှားပေးပါ
အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာကဆဲလ်အသေတွေကိုပုံမှန်ဖယ်ရှားတာမျိုးလုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာမျက်နှာပေါ်ကပျက်စီးနေတဲ့ ဆဲလ်အသေတွေကိုအလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးနိုင်ပါတယ်။
၅။ Mask အုပ်ပေးပါ
Mask ဆိုတာအမျိုးသမီးတွေအတွက်ပဲသုံးရတာမဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကိုပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကိုလျော့ကျစေတဲ့အပြင် မျက်နှာပေါ်ကအဆီတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
သဘာဝပျားရည်ကို Mask အနေနဲ့လည်းအသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာပျားရည်ကိုသုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီးရေဆေးပေးပါ။
ဒီနည်းလမ်းကိုမကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေနဲ့ မျက်နှာပေါ်ကအဆီတွေကိုသက်သာစေတဲ့အပြင် အသားအရည်ကိုလည်း နူးညံ့ချောမွေ့နေစေပါတယ်။
အသားအရည်ကိုသေချာထိန်းသိမ်းဖို့ဆိုတာစိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကိုတစ်နေ့ အနည်းဆုံးဖန်ခွက် ၈ခွက်ထက် မနည်းသောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာခရင်မ်တွေ လိမ်းပေးတာမျိုးလုပ်ပေးပါ။ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲစွဲစွဲမြဲမြဲသုံးပေးပါ။
မျက်နှာဟာအင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်းလိုမယ်နော်။ ကိုယ့်အသားအရည်ကသူများထက်ပိုပြီးပျက်စီးနေပြီဆိုတာသတိထားမိပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီးသေချာကုသပေးဖို့တော့ လိုပါလိမ့်မယ်။
နွေနေပူပူကိုအန်တုနေရတဲ့ အမျိုးသားတွေလည်းကျန်းမာစိုပြည်ပြီးယောကျာ်းပီသတဲ့ မျက်နှာအသားအရည်မျိုးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

















