လမ်းပိတ်ဆို့ ရန်ရှာရိုက်နှက်ပြီး ငွေကြေးလုယက်သူ ရှစ်ဦးကို ဖမ်းမိ

လမ်းပိတ်ဆို့ ရန်ရှာရိုက်နှက်ပြီး ငွေကြေးလုယက်သူ ရှစ်ဦးကို ဖမ်းမိ

ရေတာရှည်မြို့နယ်တွင် လမ်းပိတ်ဆို့ ရန်ရှာရိုက်နှက်ခဲ့ပြီး ငွေကြေးလုယက်ခဲ့သူရှစ်ဦးကို သက်ဆိုင်ရာက စက်တင်ဘာ ၂၄ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။

စက်တင်ဘာ၂၄ ရက် နံနက်၁ နာရီ ၅ မိနစ်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ဇလုပ်ကြီး ကျေးရွာနေ အမျိုးသားတစ်ဦးသည် သာဂရ - ကိုးပင်ကားလမ်း (၂၄)မိုင်မှ မီးသွေးလုပ်သားများနှင့် တွေ့ဆုံပြီး ယာဉ်မောင်း ဦးကျော်မျိုးသန့်မောင်းနှင်သည့် ဟိုက်ဂျက် အဖြူရောင်ယာဉ်ဖြင့် ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် ကိုလတ်(ခ) မောင်မောင်လတ်၏ နေအိမ်ရှေ့အရောက်တွင် ကိုလတ်(ခ) မောင် မောင်လတ် ပါ ရှစ်ဦးက သာဂရ - ကိုးပင်ကားလမ်းမပေါ်၌ ပီပါခွံ၊ ခုတ်လှဲထားသော သစ်ပင်နှင့် ဝါးများကို စုပုံထားပြီး လမ်းကို ပိတ်ထားသောကြောင့် ကားမှာ မောင်း၍ မရဖြစ်ခဲ့သည်။

ကိုလတ်(ခ) မောင်မောင်လတ်က "ဘာကောင် ဖြစ်ဖြစ် အကုန်ရိုက်"ဟု ပြောသဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသားက "မရိုက်ပါနဲ့" ဟု ပြောပြီး လမ်းတောင်ဘက်ရှိ ချောက်ထဲသို့ခုန်ချ၍ ချုံတောအတွင်း ပုန်းခဲ့ရသည်။

ထိုသို့ပုန်းနေစဉ် ကိုလတ်(ခ) မောင်မောင်လတ်ပါရှစ်ဦးက ယာဉ်ပေါ်တွင်လိုက်ပါလာသူအမျိုးသားနှင့်အတူပါလာသည့် ယာဉ်မောင်းကို တုတ်ဖြင့်ဝိုင်းရိုက်ခဲ့သောကြောင့် ယာဉ်မောင်း ဦးကျော်မျိုးသန့်တွင် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ရိုက်နှက်ခဲ့သောကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသားနှင့်ယာဉ်မောင်းတို့က လမ်း၏ အရှေ့ ဘက်သို့ ထွက်ပြေးသွားစဉ် ကိုလတ်(ခ) မောင်မောင်လတ်က ရပ်ထားသည့် ကားကို ရိုက်နှက်ကာ ကားခေါင်းခန်းအတွင်းရှိ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၃၁ သိန်းနှင့် မှတ်ပုံတင်တို့ကို ယူဆောင်သွားသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

သာဂရနယ်မြေရဲစခန်းက (ပ)၉၆/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၇/ ၄၄၀/၃၄၁/၁၁၄ အရ အမှုဖွင့်ခဲ့သည်။

အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် သက်ဆိုင်ရာက ကိုလတ် (ခ) မောင်မောင်လတ် (၅၂)နှစ်ကို ၄င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် အေးမောင်မောင်ကျော် (၂၁) နှစ်၊ ပြုံးမောင်မောင် (၁၉)နှစ်၊ ကိုဂျိန်း (ခ) မောင်မောင်ဂျိန်း ၊ မိုးဒီ(ခ) နေဆန်းလင်း (၂၁)နှစ် ၊ သန်းစိုးဦး (၁၉)နှစ် ၊ ကျော်ရှိန်း (၂၄) နှစ် ၊ ပြည့်စုံအောင် (၁၇)နှစ် တိို့ကို ဖမ်းဆီးရမိခဲ့ပြီး အသီးသီး အမှုဖွင့်အရေးယူထားသည်။