လေဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျန်းမာရေးအခြေအနေကိုစိမ်းတဲ့သူမရှိလောက်ပါဘူး။
ကိုယ်တစ်ခြမ်းဖြစ်ဖြစ် အောက်ပိုင်းဖြစ်ဖြစ် အားနည်းသွားတာလှုပ်ရှားလို့ မရတော့တဲ့ ကျန်းမာရေး ပြဿနာလောက် စိတ်ညစ်စရာကောင်းတာမရှိဘူးလေ။
လူတိုင်းတော်တော်များများက လေဖြတ်တယ်လောက်သာသိထားကြပေမယ့် လေဖြတ်တာဘယ်နှစ်မျိုးရှိလဲဆိုတာတော့ သိကြတဲ့သူရှားပါတယ်။ အကြမ်းပြောရမယ်ဆိုရင် လေဖြတ်တာကိုအဓိက ၂ မျိုးခွဲလို့ရပါတယ်။
• Ischaemic stroke – ဦးနှောက်သွေးကြောပိတ်သွားလို့ ဦးနှောက်ဆဲလ်လေးတွေဆီသွေးမရောက်တော့ဘဲပုပ်ပြီးလေဖြတ်တာနဲ့
• Hemorrhagic stroke – ဦးနှောက်သွေးကြောသွေးယိုပြီးထွက်လာတဲ့ သွေးခဲကဦးနှောက်ဆဲလ်ကိုပိမိပြီးလေဖြတ်တာဆိုပြီး ၂ မျိုးရှိပါတယ်။
ဒီနေ့ပြောပြမယ့် ဆောင်းပါးလေးကတော့ အဖြစ်များတဲ့ Hemorrhagic stroke အကြောင်းပဲ ဖြစ်ပါတယ်။
ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )
ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )ကို ၂ မျိုးပြန်ခွဲလို့ရပါသေးတယ်။
• Intracerebral hemorrhage ဦးနှောက်အတွင်းမှာပဲ သွေးယိုတာဖြစ်ပြီးအဖြစ်အများဆုံး Hemorrhagic stroke တစ်မျိုးပါ။
• Subarachnoid hemorrhage – ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးကြားထဲသွေးယိုတဲ့ပြဿနာဆိုပြီး ၂ မျိုးခွဲလို့ရပါတယ်။ သူတို့ ၂ မျိုးလုံးကလေဖြတ်ခြင်းဆိုတဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြစ်စေမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ ဒီလိုသွေးကြောပေါက်လေဖြတ်ခြင်း ဖြစ်နိ်ုင်ချေပိုများလဲ
Intracerebral hemorrhage ဖြစ်ဖို့အလားလာရှိတဲ့သူတွေကတော့
• သွေးတိုးသမားတွေ – ထိပ်ဆုံကတစ်ပြေးနေတာပါ။ သွေးတိုးကိုမှန်မှန်ထိန်းမထားနိုင်ဘဲရုတ်တရက်သွေးပေါင်ချိန်တက်သွားတဲ့အခါ သွေးကြောပေါက်ပြီးလေဖြတ်သွားနိ်ုင်ပါတယ်။
• Cerebral cavernous malfunctions – ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေ ပုံမှန်မဟုတ်တဲ့ပြဿနာရှိတဲ့သူတွေ
• Arteriovenous malformations (AVMs) – မွေးရာပါ သွေးကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေမှာမတော်တဆသွေးကြောပေါက်သွားတာမျိုးပါ။ ဒါပေမယ့် ဒီလိုဖြစ်တာအတော်တော့ရှားပါတယ်။
subarachnoid hemorrhage ဖြစ်ဖို့ အလားအလာရှိတဲ့သူတွေကတော့
• AVMs – သွေးကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ
• ခေါင်းကိုထိခိုက်ဒဏ်ရာရသွားတဲ့သူတွေ
• သွေးကျဲဆေးတွေသောက်နေတဲ့သူတွေ
• Cerebral aneurysm လို့ခေါ်တဲ့ ဦးနှောက်သွေးကြောဖောင်းပြဿာရှိတဲ့သူတွေက subarachnoid hemorrhagic ပြဿနာပိုဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကတော့
လေဖြတ်တဲ့လက္ခဏာတွေဖြစ်တဲ့
• ရုတ်တရက် သတိလစ်သွားတာ
• ခေါင်းပြင်းထန်စွာကိုက်တာ
• လမ်းကောင်းကောင်းမလျှောက်နိုင်တော့တာ
• လက်ချောင်းတွေ ထုံကျင်နေတာ
• မလှုပ်ရှားနိုင်တော့တာ
• စကားပြောလို့ မရတော့တာတွေအပြင်
Hemorrhagic stroke မှန်းသိသာစေတဲ့ လက္ခဏာတွေကတော့
• ကိုယ်တစ်ခြမ်းဒါမှမဟုတ် တစ်နေရာတည်းကွက်ပြီးလှုပ်ရှားလို့မရတာ
• အလင်းရောင်စူးစူးတွေကိုမကြည့်နိ်ုင်တာ
• လည်ပင်းကြီးကတောင့်ပြီးနာနေတာ
• လက်ချောင်းတွေ တုန်နေတာ
• အသက်ရှူသံနဲ့ နှလုံးခုန်သံတွေ ပြင်းနေတာ
• အစာမျိုချရခက်တာတွေပဲ ဖြစ်ပါတယ်။
ဦးနှောက်သွေးကြောပေါက် သွေးယိုခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းက ပြန်ကောင်းနိုင်သေးလား
ဦးနှောက်သွေးကြောပေါက်ပြီးလေဖြတ်တဲ ့ပြဿနာဟာယာယီသာဖြစ်နိုင်သလိုတစ်သက်လုံး ပြန်မကောင်းတော့တာလည်း ဖြစ်သွားနိ်ုင်ပါတယ်။ ဦးနှောက်ဆဲလ်ထဲသွေးမရောက်တာဘယ်လောက်ကြာသွားသလဲနဲ့ ဦးနှောက်ရဲ့ ဘယ်အပိုင်းကိုထိသွားတာလဲပေါ်မှာမူတည်ပါတယ်။
လုပ်ကိုလုပ်သင့်တဲစမ်းသပ်မှုတွေက
• CT (စီတီစကင်မ်) – ဦးနှောက်သွေးကြောပေါက်လေဖြတ်ခြင်းကိုအမြန်ဆုံးနဲ့ အတိကျဆုံးအဖြေထုတ်ပေးပါတယ်။
• MRI သံလိုက်စက်ကွင်းပုံရိပ်ဖော်ပြီးဘယ်အပိုင်းမှာသွေးကြောပေါက်တာလဲအဖြေရှာတာ
• သွေးကျဲနေလားဆိုတာကိုသိဖို့ သွေးစစ်မယ်
• electroencephalogram (EEG) – electrode တွေကိုသုံးပြီးဦးနှောက်လှိုင်းတွေကိုပုံဖော်တာနဲ့
• ခါးဆစ်ရိုးရိုးတွင်းချဉ်စီဖောက်ပြီး hemorrhagic stroke ဖြစ်နေလား ၊ဘယ်လောက်ပြင်းထန်လဲဆိုတာကိုစမ်းသပ်စစ်ဆေးလို့ရပါတယ်။
ကုသမှု အနေနဲ့ကတော့
hemorrhagic stroke ဦးနှောက်သွေးကြောပေါက်လေဖြတ်တဲ့ပြဿနာအသက်အန္တရယ်စိုးရိမ်ရပြီးဆေးကုသမှု ချက်ချင်းခံယူဖို့လိုတဲ့ ပြဿနာတစ်ခုပါ။ လေဖြတ်ခြင်းပြဿနာတွေထဲမှာ hemorrhagic stroke ကြောင့်ဖြစ်တာက ၁၅ ရာခိုင်နှုန်းလောက်ရှိပြီး hemorrhagic stroke ကြောင့်ပဲအသက်ဆုံးရှုံးရတဲ့သူတွေက ၄၀ ရာခိုင်နှုန်းလောက်တောင်ရှိပါတယ်။ ဒါ့ကြောင့် ဆက်ပြီးအသက်ရှင်မလားအသက်ဆုံးရှုံးရမလားဆိုတာကဆေးကုသမှု ချက်ချင်းခံယူတာမခံယူတာအပေါ်မှာမူတည်သွားပါတယ်။
• အရေးပေါ်ကုသမှုကတော့ ထွက်နေတဲ့သွေးယိုတာကိုအချိန်မီထိန်းနိ်ုင်ပြီးဦးနှောက်ဆဲလ်တွေအပေါ်သက်ရောက်နေတဲ ့ဖိအားကိုလျှော့ချတာပဲ ဖြစ်ပါတယ်။
• သွေးကျဲဆေးတွေသောက်နေလို့ရှိရင် ဆေးကိုခဏရပ်ခိုင်းထားမယ်
• သွေးပေါင်ကျဆေးတွေပေးမယ်
• ဦးနှောက်ဖိအားကျစေတဲ ့ဆေးတွေပေးမယ်
• သွေးကြောတင်းနေတာကိုလျှော့ချမယ့် ဆေးတွေပေးမယ်
• တက်နေလို့ရှိရင် အတက်ကျစေမယ့် ကုသမှုတွေ ပေးမယ်
ဆေးတွေနဲ့ ထိန်းလိုက်လို့ သွေးထွက်တာသက်သာသွားပြီဆိုတာနဲ့
ထွက်နေတဲ့သွေးတွေကိုခွဲစိတ်ပြီး ပြန်စုပ်ထုတ်တာ၊ ခဲသွားတဲ့ သွေးတွေကိုခွဲစိတ်ပြီး ပြန်ထုတ်တာမျိုးတွေ ဆက်လုပ်ရမှာပါ။
အရေးပေါ် အခြေအနေကိုထိန်းချုပ်နိ်ုင်ပြီးပြီ၊ လူနာလည်းသက်သာသွားပြီးဆိုတာနဲ့ နောက်ပိုင်းစဉ်းစားရမှာကတော့ rehabilitation ပြန်လည်သန်စွမ်းကြံ့ခိုင်ရေးကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နဂိုလိုပုံမှန်ပြန်ဖြစ်ပြီးသန်စွမ်းဖို့အတွက် လိုအပ်တဲ့အချိန်ကတော့ ဦးနှောက်ဘယ်အပိုင်းကိုထိခိုက်သွားတာလဲနဲ့ ဦးနှောက်တစ်ရှူးဘယ်လောက်များများထိခိုက်သွားလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
Hemorrhagic stroke မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ
သွေးတိုးကြောင့်၊ သွေးတွင်းအဆီဓာတ်များနေတာကြောင့် ဆီးချိုကြောင့် နှလုံးရောဂါကြောင့် ဆေးလိပ်ကြောင့်နဲ့ အဝလွန်တာတွေကြောင့်ဖြစ်ရတာဆိုတော့
• သွေးတိုးရှိရင် ဆေးပုံမှန်သောက်ပြီးသွေးပေါင်ကိုထိန်းမယ်
• သွေးတွင်းအဆီဓာတ်ကိုလျှော့ချမယ်
• ဆီးချိုကိုထိန်းမယ်
• လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကိုလျှော့ချမယ်
• ဆေးလိပ်ဖြတ်မယ်ဆိုရင် သွေးကြောပေါက်တာကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းကိုကာကွယ်နိ်ုင်မှာပါ ။ ။

















