ခင်ပွန်းက ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာ သားနှစ်ဦးအား ကိုင်ပေါက်ခဲ့သည့်ဖြစ်စဉ်တွင် လေးလသားအရွယ်ကလေးငယ်သေဆုံးမှု ကျောက်ဖြူမြို့နယ် မြဒေးကျွန်း၌ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊မြဒေးကျွန်းအုပ်စု၊ ပန်းထိမ် သည်ကျေးရွာနေ စိုးနိုင်ဝင်း(၂၁)နှစ်သည် ငါးရှာထွက်ရာမှ သောက်စားမူးယစ်ပြီး နေအိမ်သို့ရောက်ရှိလာခဲ့သည်။
ထိုသို့ နေအိမ်သို့ရောက်ရှိလာခဲ့ပြီးနောက် ဇနီးဖြစ်သူမချိုချိုဝင်း(၂၇)နှစ်ကို ထမင်းခူးခိုင်းခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လင်မယားစကားများကြပြီး စိုးနိုင်ဝင်းက ဓားနှင့်လိုက်ခုတ်သဖြင့် မချိုချိုဝင်းက ရွာထဲသို့ထွက်ပြေးပုန်းအောင်းခဲ့ရသည်။နေအိမ်တွင်ကျန်ခဲ့သည့်သားနှစ်ဦးဖြစ်သည့် အသက်သုံးနှစ်အရွယ် မောင်ချစ်မျိုးနိုင်နှင့် လေးလ အရွယ်မောင်မျိုးလင်းနိုင်တို့နှစ်ဦးက ငိုယိုနေသဖြင့် ဖခင်ဖြစ်သူစိုးနိုင်ဦးက ၎င်း၏သားနှစ်ဦးကို နေအိမ်ပေါ် တွင် ကိုင်ပေါက်ခဲ့သည်။
ထိုသို့ကိုင်ပေါက်စဉ် အသက်လေးလသားအရွယ် မောင်မျိုးလင်းနိုင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သုံးနှစ်အရွယ်မောင်ချစ်မျိုးနိုင်မှာ ခန္ဓာကိုယ်ဖူးယောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
မြဒေးကျွန်းနယ်မြေရဲစခန်းက (ပ)၁၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၀၇/၃၂၅ အရ အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီး အရေးယူထားသည်။

















