မင်္ဂလာဒုံမြို့နယ်တွင် ကျပ် ၁၃၆ သိန်းကို ယူဆောင်ထွက် ပြေးသည့် မန္တလာမင်းခရီးသည်တင်ယာဉ်နောက်လိုက်ကို သက်ဆိုင်ရာက ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
စက်တင်ဘာ ၂၄ ရက်တွင် မန္တလေးမြို့မန္တလာမင်းကားဂိတ်မှ ရန်ကုန်ဂိတ်သို့ ထွက်ခွာလာသည့် ယာဉ်နောက်လိုက် သန့်ဇင်အောင်(၃၇ နှစ်)မောင်းနှင်သောယာဉ်ဖြင့် ငွေကျပ် ၁၃၆ သိန်းကို ယူဆောင်ကာ ရန်ကုန်ဂိတ်မှူးထံပေးအပ်ရန် ယာဉ်မထွက်ခွာမီ မန္တလေး မန္တလာမင်းဂိတ်မှူးက အပ်နှံခဲ့သည်။
ရန်ကုန်သို့ အဆိုပါနေ့ ညနေပိုင်းတွင် ယာဉ်ဝင်ရောက်ရှိခဲ့ပြီး ယာဉ်နောက်လိုက် သန့်ဇင်အောင်က ငွေထုပ်ကို ယူ၍ ဂိတ်အတွင်းသို့ဝင်ကာ အထုပ်ထဲတွင် ငွေပါ မပါ ဖွင့်ကြည့်ပြီးနောက် ဂိတ်မှူးထံ ယင်းငွေထုပ်ကို ပေးအပ်ခြင်းမရှိဘဲ တိမ်းရှောင်နေသဖြင့် အောင်မင်္ဂလာ နယ်မြေ ရဲကင်းထံ အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာက ငွေထုပ်နှင့်အတူ ပျောက်ဆုံးနေသည့်ယာဉ်နောက်လိုက် သန့်ဇင်အောင်ကို ဖမ်းဆီးစစ်ဆေးနိုင်ရန် ၎င်းသွားလာတတ်သည့်နေရာများကို လိုက်လံစုံစမ်းရှာဖွေခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊(ဌ) ရပ်ကွက်အတွင်းမှ ငွေကျပ် ၁၃၄ သိန်း နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
မင်္ဂလာဒုံမြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၈ အရ အမှုဖွင့်အရေးယူထားသည်။

















