ဗီလာရီးရဲလ်အား ဘာစီလိုနာနိုင်၊ တိုက်စစ်မှူးမက်ဆီ ဒဏ်ရာရခဲ့

ဗီလာရီးရဲလ်အား ဘာစီလိုနာနိုင်၊ တိုက်စစ်မှူးမက်ဆီ ဒဏ်ရာရခဲ့

ဘာစီလိုနာသည် စက်တင်ဘာ ၂၄ ရက် က လာလီဂါပွဲအဖြစ် အိမ်ကွင်းတွင် ဗီလာရီးရဲလ်နှင့်ကစားခဲ့ရာ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ ဘာစီလိုနာနည်းပြ ဗယ်ဘာဒီသည် ပွဲထွက်လူစာရင်းတွင် ဒဏ်ရာနာလန်ထ တိုက် စစ်မှူးမက်ဆီကိုထည့်သွင်းခဲ့ပြီး ဆွာရက်ဇ်နှင့် ဂရစ်ဇ်မန်းတို့လည်း ပါဝင်ခဲ့သည်။

ဗီလာရီး ရဲလ်သည် တိုက်စစ်တွင် မိုရီနိုတစ်ဦးတည်းကို အထောင်ထားခဲ့ပြီး ဘာစီလိုနာအား ရင်ဆိုင် ခဲ့သည်။ ဘာစီလိုနာသည် ဖိဖိစီးစီးကစားခဲ့ပြီး ပွဲချိန်ခြောက်မိနစ်တွင် ဂရစ်ဇ်မန်းက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဘာစီလိုနာသည် ဆက်လက်ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၁၅ မိနစ်၌ ဒုတိယဂိုးရရှိခဲ့ပြီး ဘရာဇီးသားအာသာ က ဂိုးသွင်းပေးခဲ့သည်။

ဗီလာရီးရဲလ်သည် ပွဲချိန် ၄၄ မိနစ်တွင် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ကာဇိုလာက သွင်း ယူခဲ့သည်။ ဘာစီလိုနာ အဓိကတိုက်စစ်မှူး မက်ဆီသည် ပွဲချိန်ပထမပိုင်း၌ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီးနောက် ဒုတိယပိုင်း၌ ပါဝင်ကစားနိုင် ခဲ့ခြင်းမရှိပေ။ နည်းပြဗယ်ဘာဒီသည် ဒုတိယ ပိုင်းတွင် မက်ဆီအစား ဒမ်ဘီလီကိုထည့်သွင်း ခဲ့သည်။ ဘာစီလိုနာသည် ဒုတိယပိုင်း၌ဂိုးများ ထပ်မံသွင်းယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ဂိုးရလိုစိတ်စောခဲ့ပြီး ပွဲရလဒ်မပြောင်းခဲ့၍ နှစ်ဂိုး တစ်ဂိုးဖြင့်သာ အနိုင်ရရှိခဲ့သည်။

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို ပူပူနွေးနွေး ရရှိထားသော တိုက်စစ်မှူးမက်ဆီသည် ယခု ရာသီ၌ ဒဏ်ရာကြောင့်ရုန်းကန်နေရပြီး ဗီလာ ရီးရဲလ်ပွဲ၌ ရာသီသစ်ပထမဆုံးပွဲထွက်ခဲ့ရာ အခန့်မသင့်ဘဲ ဒဏ်ရာထပ်မံရခဲ့သည်။ ဘာစီလို နာအသင်းနည်းပြ ဗယ်ဘာဒီက အဓိကတိုက် စစ်မှူးမက်ဆီအား ပထမပိုင်းသာအသုံးပြုခဲ့ ခြင်းမှာ မစွန့်စားလိုသောကြောင့်ဟု ပွဲအပြီး၌ ပြောဆိုခဲ့သည်။ ဗယ်ဘာဒီက "ကြည့်ရတာက တော့ မက်ဆီဟာ ကြွက်သားဒဏ်ရာရသွားခဲ့ တာပါ။ ပြင်းထန်မှုတော့ မရှိလောက်ပါဘူး။ သူ့ကိုလူစားလဲခဲ့တယ်ဆိုတာကလည်း ကြိုတင် ကာကွယ်တာပါ။ ကျွန်တော်တို့မက်ဆီကိုအရဲ စွန့်ပြီး မသုံးချင်ပါဘူး"ဟု ပြောဆိုခဲ့သည်။ ဘာစီလိုနာသည် လာလီဂါခြောက်ပွဲ၌ သုံးပွဲ သာအနိုင်ရထားသည်။



ဖတ်ရှုမှုအများဆုံး