ပြိုင်ဆိုင်မှု အရှိန်အဟုန်မြင့်တက်လာမယ့် ချန်ပီယံလိဂ်

ပြိုင်ဆိုင်မှု အရှိန်အဟုန်မြင့်တက်လာမယ့် ချန်ပီယံလိဂ်

ဥရောပထိပ်သီးလိဂ်တွေ တဖြည်းဖြည်းနဲ့ အားကောင်းလာသလို ၂ဝ၁၉−၂ဝ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု အရှိန်အဟုန်ကလည်း မြင့်တက်လာပါတော့မယ်။ ပွဲစဉ် (၁) မှာ ပီအက်စ်ဂျီနဲ့ ရီးယဲလ်မက်ဒရစ်၊ နာပိုလီနဲ့လီဗာပူး၊ ဒေါ့မွန်နဲ့ ဘာစီလိုနာ၊ အလက်တီကိုနဲ့ ဂျူဗင်တပ်၊အိုလံပီ ယာကော့စ်နဲ့ တော့တင်ဟမ်ဟော့စပါး၊ ချယ်လ်ဆီးနဲ့ ဗလင်စီယာပွဲစဉ်တွေဟာ အကြိတ်အနယ်ရှိခဲ့ကြပါ တယ်။

ရီးယဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာပျက်သွားတဲ့အလားမီဒီယာတွေဟာ ဇီဒန်းနဲ့ ရီးယဲလ်မက်ဒရစ်အကြောင်းတွေကို ဟိုက်လိုက်လုပ်ပြီး ဖော်ပြသွားခဲ့ကြပါတယ်။ အခုပွဲစဉ် (၂) လာပါပြီ၊ ဒီတစ်ကြိမ်မှာတော့ ဥရောပ မဟာအသင်းကြီးတွေဟာ နောက်ထပ် ခြေချော်လို့မရတဲ့ အချိန်နဲ့ကြုံတော့မှာဖြစ်ပါတယ်။

ရီးယဲလ်၊ လီဗာပူး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့ရဲ့သီတင်းပတ်လား

ပြီးခဲ့တဲ့ ပွဲစဉ် (၁) မှာ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးတို့ဟာရှုံးပွဲတွေ တွေ့ခဲ့ကြပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်၊တော့တင်ဟမ်ဟော့စပါးတို့ဟာ သရေပွဲတွေကြုံတွေ့ခဲ့ကြတာပါ။ ရီးယဲလ်မက်ဒရစ်ဟာ ပဲရစ်မှာ ပီအက်စ်ဂျီကို ၃−ဝ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ကစားပုံတော်တော်အားနည်းတဲ့အသင်းဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှာ အဓိကကစားနေတဲ့ နေမာ၊ ကာဗာနီ၊ အမ်ဘာပီတို့ မပါဝင်တဲ့ ပီအက်စ်ဂျီကို ဟာဇတ်၊ ဘန်ဇီးမား၊ ဂါရတ်ဘေလ်၊ တိုနီခရူးစ်တို့ပါဝင်တဲ့ ရီးယဲလ်မက်ဒရစ်ဟာ ထိရောက်တဲ့ ထိုးဖောက်မှုတွေမလုပ်နိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ မာဆယ်လို၊ ရာမို့စ်မပါတဲ့ ရီးယဲလ်မက်ဒရစ်နောက်တန်း ဆိုးဆိုးရွားရွား ကစားသွားခဲ့တဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇီဒန်းကို ဝိုင်းပြီး ဖိအားပေး ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခုပွဲစဉ် (၂) မှာတော့ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ အသင်းအနေအထားခြင်း ကွာဟတဲ့ပွဲဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ကစားသမား ဖြည့်တင်းမှုတွေလုပ်ထားပေမဲ့ ကစားပုံက တည်ငြိမ်ခြင်းမရှိသေးပါဘူး။ ရီးယဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဇီဒန်းဟာသူ့အသင်းကို အကောင်းဆုံးပုံစံရအောင် မတည်ဆောက် နိုင်သေးပါဘူး၊ ဘရုဂျက်နဲ့ပွဲမှာ ဇီဒန်းရဲ့ ဖိအားတွေလျော့ကျသွားမယ့်ပွဲလားဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။လက်ရှိချန်ပီယံ လီဗာပူးဟာ ပွဲစဉ် (၁) မှာ နာပိုလီကိုနှစ်ဂိုးပြတ်ရှုံးနိမ့်ခြင်းနဲ့ စတင်ခဲ့ရပါတယ်။ အခု ပွဲစဉ် (၂)ဟာ လီဗာပူးအတွက်အလွန်အရေးပါတဲ့ပွဲဖြစ်ပါတယ်။

ကစားရမယ့်အသင်းက သြစတြီးယားကလပ် ဆဲလ်ဘတ်ပါ။ ဆဲလ်ဘတ်ဟာ ပွဲစဉ် (၁) မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ကို ၆−၂ နဲ့အနိုင်ယူထားတဲ့ အသင်းဖြစ်ပါတယ်။ ဆဲလ်ဘတ်တိုက်စစ်က ဂျပန်ကစားသမား မီနာမီတို၊ကိုရီးယားကစားသမား ဟီချန်၊ နော်ဝေတိုက်စစ်မှူးဟာလန်တို့ အကောင်းဆုံးကစားသွားခဲ့တဲ့ပွဲဖြစ်ပါတယ်။ကစားပုံမြန်ဆန်တဲ့အသင်းဖြစ်ပါတယ်။ တောင်ပံတွေကဂျပန်နဲ့ တောင်ကိုရီးယားကစားသမားတွေဟာ လီဗာပူးအသင်း သတိထားရမယ့်ကစားသမားတွေဖြစ်သလို အသက် ၁၉ နှစ်ပဲရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးဟာ အဆုံး သတ်သေချာတဲ့သူဖြစ်ပါတယ်။ အသင်းအနေအထားဟာ ကွာဟနေပြီး လီဗာပူးအတွက် လွယ်ကူမယ်လို့ ယူဆရပေမဲ့ ဆဲလ်ဘတ် ဂိုးသွင်းတာကို လီဗာပူးကြုံတွေ့ရနိုင်ပါတယ်။ လီဗာပူး တော်တော် သတိထားရပါလိမ့်မယ်။

ဘာစီလိုနာဟာ ဒေါ့မွန်ပွဲမှာ ကံကောင်းပြီး သရေကျခဲ့တာပါ၊ ဒေါ့မွန်ရတဲ့ပင်နယ်တီ မာကိုရူးစ် ကန်သွင်းတာမှာ ဘာစီလိုနာဂိုးသမား ကာကွယ်နိုင်ခဲ့လို့သာ ဘာစီလိုနာမရှုံးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာလည်းရုန်းကန်ကစားနေတာတွေ့ရပါတယ်။ မက်ဆီအပေါ်မှီခိုတည်ဆောက်ထားခြင်းက အခု မက်ဆီ ကြံ့ခိုင်မှုမပြည့်ဝတဲ့အချိန်မျိုးမှာ ဘာစီလိုနာဟာ ရုန်းကန်ရခြင်းတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ အသစ်ဝယ်ထားတဲ့ ဂရစ်ဇ်မန်းဟာ ပုံမှန်ခြေမတွေ့သေးပါဘူး။ အခု အင်တာမီလန်နဲ့ နူးကမ့်မှာကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရောက်ပြီဆိုရင် ဘာစီလိုနာဟာ အိမ်ကွင်းမှာ အားသာချက် အခွင့်ကောင်းကိုရအောင်ယူ ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ အင်တာမီလန်ကို အခွင့်ကောင်းယူနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အင်တာမီလန်ဟာ အခုပွဲကို အနိုင်ရဖို့ထက် သရေရအောင် ဘယ်လိုကစားမယ်ဆိုတဲ့ ပြင်ဆင်မှုနဲ့ နူးကမ့်ကိုလာကစားမှာသေချာပါတယ်။ အင်တာမီလန်ဟာ ပွဲစဉ် (၁)မှာ ဆလားဗီးယားကို တစ်ဂိုးစီသရေသာကစားနိုင်ပေမဲ့ စီးရီးအေမှာတော့ အကောင်းဆုံးပုံစံရနေတဲ့အသင်းဖြစ်ပါတယ်။

ဘာစီလိုနာဟာ အင်တာမီလန်ကို ဂိုးပြတ်အနိုင်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ချန်ပီယံလိဂ်ဖလားကို ရယူချင်နေတဲ့ ဂျူဗင်တပ်ဟာ ပွဲစဉ် (၁) မှာ အလက်တီကိုမက်ဒရစ်ကို ဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့ပေမဲ့ အလက်တီကိုရဲ့ ချေပဂိုးသွင်းတာတွေခံရပြီး နှစ်ဂိုးစီသရေနဲ့ ကျေနပ်သွားခဲ့ရပါတယ်။ နည်းပြသစ် ဆာရီဟာ ဂျူဗင်တပ်ကို တည်ငြိမ်အောင် တည်ဆောက်နိုင်ခြင်းမရှိ သေးပါဘူး။ အရင်က ခံစစ်ကောင်းလှတဲ့ ဂျူဗင်တပ်ဟာ ဆာရီလက်ထက်မှာ ခံစစ်ကအားနည်းနေပါတယ်။ ဂျူဗင်တပ်ကို ကြည့်လိုက်ရင်ရော်နယ်ဒို အရှိန်အဝါနဲ့ အကောင်းဆုံးပုံစံလို့ ထင်ရပေမဲ့ အများစုဟာ အသက်ကြီးတဲ့သူတွေများတဲ့အသင်းဖြစ်ပါတယ်။ ပွဲစဉ် (၂) မှာ လေဗာကူဆင်နဲ့ကစားရမှာဖြစ်လို့ ဂျူဗင်တပ်အနေနဲ့ ကစားရတာလွယ်ကူဖွယ်ရှိပါတယ်။ ဒါပေမဲ့ လေဗာကူဆင်တိုက်စစ်က လူငယ် ကစားသမားတွေဟာ ဂျူဗင်တပ်နောက်တန်းက ဘိုနူချီတို့ အုပ်စုကိုကျော်ဖြတ်ပြီး ဂိုးတစ်ဂိုးတော့ သွင်းသွားနိုင်လို့ သတိထားရမှာဖြစ်ပါတယ်။ မနှစ်က ဂျူဗင်တပ်ဟာ လူငယ်တွေနဲ့ အေဂျက်ကို ရှုံးနိမ့်သွားခဲ့ရတဲ့အဖြစ်တွေကို ပြန်လည်သတိရစရာဖြစ်ပါတယ်။

လေဗာကူဆင််ဟာ အိမ်ကွင်းမှာ လိုကိုမိုးတစ်ကို ရှုံးနိမ့်ခဲ့လို့ ဂျူဗင်တပ်ကွင်းမှာ အနိုင်ရဖို့ဆိုတာ မလွယ်လှဘူးဆိုတာ ထင်ရှားပေမဲ့ ဂျူဗင်တပ်ဟာ ဂိုးပြတ်နိုင်ဖို့ဆိုတာလည်း မလွယ်လှပါဘူး။အိုလံပီယာကော့စ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရပြီးမှ နှစ်ဂိုးပြန်ပြီး အသွင်းခံခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးဟာ ဒီအပတ်မှာတော့ အုပ်စုတွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်တွေ့နေပြီဖြစ်ပါတယ်။ တော့တင်ဟမ်ရဲ့ ဒီရာသီခြေစွမ်းဟာ မနှစ်ကခြေစွမ်းကို မမှီသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ခံစစ်ပိုင်းဟာ တော်တော်ကို အားနည်းနေပါတယ်။ ပိုချက်တီနိုဟာ အဲရစ်ဆင်ကို မနှစ်ကလို ပုံမှန်ကစားခွင့်မပေး သေးတာဟာ အဓိကအချက်ဖြစ်နေသလားဆိုလည်း သတိပြုစရာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ဘိုင်ယန်မြူးနစ်၊အိုလံပီယာကော့စ်တို့နဲ့ အတူကျနေလို့ အခုပွဲဟာတော့တင်ဟမ်ဟော့စပါးအတွက် အလွန်အရေးပါတဲ့ပွဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ပွဲသာ အရေးနိမ့်သွားခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအနေနဲ့ အုပ်စုပထမရဖို့မလွယ်တော့ပါဘူး။ ချန်ပီယံလိဂ်အုပ်စုပွဲတွေမှာ အုပ်စုပထမရဖို့ဟာလည်း အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တကယ့်မဟာအသင်းကြီးတွေကို ရှုံးထွက်အဆင့်မှာ လွဲချော်နိုင်ဖို့က အုပ်စုပထမရဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ် (၂) ဟာ အရေးပါတဲ့ ပြိုင်ဆိုင်မှု အရှိန်ပြင်းလာတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆုကြေးမက်လုံးများ

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းဟာ ယူရို ၈၂ သန်းရလာမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ရောက်လာတဲ့ အသင်းတိုင်းဟာယူရို ၁၅ ဒသမ ၂ သန်းရရှိကြသလို အုပ်စုပွဲတွေ ကစားလို့ နိုင်ရင် ယူရို ၂ ဒသမ ၇ သန်း၊ သရေကျရင်ယူရို ကိုးသိန်း သြညကျ င်္နန ရကြမှာဖြစ်ပါတယ်။ မန်စီးတီးဆိုရင် ပြီးခဲ့တဲ့ ပွဲစဉ် (၁) မှာအနိုင်ရလို့ ယူရို ၂ ဒသမ ၇သန်းရရှိသွားခဲ့ပါတယ်။ တကယ်လို့ အုပ်စု ခြောက်ပွဲစလုံးသာ မန်စီးတီးနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးဟာ ပွဲကစားကြေးယူရို ၁၆ ဒသမ ၂ သန်းရရှိမှာဖြစ်ပါတယ်။ မန်စီးတီးအုပ်စုဟာ ရှက်ခ်တာဒိုးနက်စ်၊ ဒိုင်နမိုဇာဂရက်၊ အတ္တလန္တာတို့နဲ့အတူကျနေလို့ အုပ်စုခြောက်ပွဲစလုံး အနိုင်ရနိုင်ခြေရှိနေပါတယ်။ ဘာစီလိုနာဟာ ပွဲစဉ် (၁) မှာ ဒေါ့မွန်နဲ့သရေကျလို့ ပွဲကစားကြေး ယူရို ကိုးသိန်းရရှိသွားပါတယ်။

လီဗာပူးဟာ နာပိုလီကိုရှုံးလို့ ပွဲကစားကြေးမရရှိခဲ့ပါဘူး။ ဒါဟာ ချန်ပီယံလိဂ်က ဆုကြေးမက်လုံးတွေပဲ ဖြစ်ပါတယ်။အသင်းငယ်လေး ဒိုင်နမိုဇာဂရက်ဟာ အတ္တလန္တာကိုနိုင်လိုက်လို့ ပွဲကစားကြေး ယူရို ၂ ဒသမ ၇ သန်းရရှိသွားပြီဖြစ်ပါတယ်။ အသင်းငယ်လေးအတွက်လည်း မက်လောက်စရာတွေပဲ ဖြစ်ပါတယ်။ အသင်းငယ်တွေအတွက် နောက်ထပ်မျှော်လင့်ချက်က အသင်းမှာရှိတဲ့ကစားသမားတွေ ခြေစွမ်းပြကစားနိုင်ရေးပဲ ဖြစ်ပါတယ်။ မနှစ်က အေဂျက်ဟာ ခြေစွမ်းပြကစားသွားခဲ့တော့ ဒီလစ်၊ ဒီဂျောင်တို့ဟာ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့က ပြောင်းရွှေ့သွားခဲ့ကြပြီး အေဂျက်ဟာလည်း ယူရိုသန်း ၁၃ဝ ကျော် ရရှိသွားခဲ့ပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်အသင်းငယ်တွေထဲမှာ ဒိုင်နမိုဇာဂရက်က ကစားသမားတွေဟာ လာမယ့်ရာသီဆိုရင် အသင်းကြီးတွေဆီ ရောက်သွားနိုင်ဖွယ်ရှိနေပါတယ်။

အော့ဆစ်နဲ့ ဟာလန်းပွဲစဉ်

(၁) မှာ ဟက်ထရစ်ရခဲ့တဲ့ ကစားသမားနှစ်ဦးရှိခဲ့ပါတယ်။ သူတို့ဟာ ထိပ်တန်းမဟာကလပ် အသင်းကြီးတွေက ကစားသမားတွေမဟုတ်ပါဘူး။ ဒိုင်နမိုဇာဂရက်ကတိုက်စစ်မှူးအော့ဆစ်နဲ့ ဆဲလ်ဘတ်က တိုက်စစ်မှူးဟာလန်းတို့ပဲဖြစ်ပါတယ်။ ဒီနာမည်တွေကိုကြည့်လိုက်တာနဲ့ သူတို့ဟာ မထင်မရှား ကစားသမားတွေဆိုတာ ထင်ရှားနေပါတယ်။ ဒိုင်နမိုဇာဂရက်က အတ္တလန္တာကို လေးဂိုးဂိုးမရှိနဲ့ အနိုင်ရတော့ အော့ဆစ်ဟာ ဇာဂရက်အတွက်ဟက်ထရစ်သွင်းသွားနိုင်ခဲ့ပါတယ်။ ဒိုင်နမိုဇာဂရက်ဟာ ခြေစစ်ပွဲတွေ ကစားပြီးတက်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ခြေစစ်ပွဲတွေမှာလည်း အော့ဆစ်ဟာ အော်လ်မို၊ ပက်ကိုဗစ်တို့နဲ့အတူ ဂိုးတွေသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒိုင်နမိုဇာဂရက်ဟာ မန်စီးတီးအုပ်စုမှာ အင်အား အနည်းဆုံးအသင်းဖြစ်ပါတယ်။ ဒါပေမဲ့ လျော့တွက်လို့မရပါဘူး၊ ဒိုင်နမိုဇာဂရက်ဟာ မန်စီးတီးနဲ့အတူနောက်တစ်ဆင့် တက်နိုင်စွမ်းရှိတဲ့တိုက်စစ်ကောင်းပြီး ခံစစ်တည်ငြိမ်တဲ့အသင်း ဖြစ်ပါတယ်။

ဒိုင်နမိုဇာဂရက်ဟာ အတ္တလန္တာ၊ရှက်ခ်တာဒိုးနက်စ်တို့ထံက ၁ဝမှတ် ရယူနိုင်စွမ်းရှိတဲ့ အသင်းလေးဖြစ်ပါတယ်။ ခရိုအေးရှား ကလပ် အသင်းဖြစ်လို့ အော့ဆစ်ဟာ ချန်ပီယံလိဂ်မှာ ထပ်ပြီးခြေစွမ်းပြဦးမယ်ဆိုရင် ထိပ်တန်းလိဂ် တစ်ခုထံကို ရောက်သွားနိုင်ပါတယ်။ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းဟာ အသက် ၁၉နှစ်ပဲရှိပါသေးတယ်။ သူ့ကို သတိထားမိသူ အနည်းအကျဉ်းသာရှိခဲ့ရာက ဂျန့်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့လို့ လူသိများလာခဲ့ပြီဖြစ်ပါတယ်။ နေရာယူ မှန်ပြီး အဆုံးသတ်တွေက သေချာတဲ့ ပါးနပ်တဲ့တိုက်စစ်မှူးဖြစ်ပါတယ်။ ဆဲလ်ဘတ်ဟာ လီဗာပူး၊ နာပိုလီတို့လို မဟာအသင်းကြီး နှစ်သင်းကြားထဲမှာရှိနေလို့ နောက်တစ်ဆင့်တက်ဖို့ဟာ မလွယ်ကူလှတာမှန်ပေမဲ့ အဲဒီအသင်းကြီး နှစ်သင်းရဲ့ ခရီးလမ်းမှာတော့ ဆူးညော့င့်ခလုတ်ဖြစ်နိုင်တဲ့ အသင်းပဲဖြစ်ပါတယ်။ အခု ပွဲစဉ် (၂) မှာ အန်းဖီးလ်မှာ ဟာလန်းတို့အုပ်စု ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ် (၁) မှာတော့ မထင်မရှား ကစားသမားနှစ်ဦး ဟက်ထရစ်ရခဲ့သလို ပွဲစဉ် (၂) မှာ ဘယ်သူတွေ ဟက်ထရစ်ရမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီး ချန်ပီယံလိဂ်ရဲ့ ပြိုင်ဆိုင်မှုဟာလည်း အရှိန်ပြင်းလာတာတော့ သေချာနေပါရဲ့--။



ဖတ်ရှုမှုအများဆုံး