ဂျူဗင်တပ် − SPAL (စနေ၊ ည ၇း၃ဝ)
ကြားပွဲတွေပါ ကစားထားရလို့အသင်းတွေက ပွဲပန်းနေမှာ သေချာပါတယ်။ နိုင်ငံပွဲတွေကစားထားရလို့ ဂျူဗင်တပ်က ပိုပြီးအထိနာပါလိမ့်မယ်။ ဒါပေမဲ့ ဂျူဗင်တပ်အိမ်ကွင်းဖြစ်တာကြောင့် အခွင့်အရေးသာနေပါတယ်။ SPAL ကလည်း ခြေစွမ်းအရမ်းကောင်းတဲ့ အသင်းတော့မဟုတ်ပါဘူး။ အိမ်ကွင်းဖြစ်တာကြောင့် ဂျူဗင်တပ်အနိုင်ရရှိသွားနိုင်ပေမဲ့ ဂိုးတော့ အများကြီးမပြတ်လောက်ဘူးထင်တယ်။
ဆမ်ဒိုးရီးယား − အင်တာမီလန် (စနေ၊ ည ၁ဝး၃ဝ)
ဆမ်ဒိုးရီးယားက တိုရီနိုကိုအနိုင်ယူပြီး ဒီရာသီအတွက် ပထမဆုံး သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ ဆမ်ဒိုးရီးယားဟာ အရင်က အသင်းကြီးတွေကို အမြဲဒုက္ခပေးလေ့ရှိတဲ့အသင်းပါ။ အင်တာက လက်ရှိအချိန်စီးရီးအေမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ တစ်သင်းတည်းသော အသင်းပါ။ ခြေစွမ်းက အကောင်းဆုံးရှိနေပါတယ်။ အခု ဆမ်ဒိုးရီးယားကွင်းမှာတော့ အင်တာတို့ အနည်းငယ်ခက်ခဲနိုင်တယ်။ ဆမ်ဒိုးရီးယားကို ကြိုက်တယ်။
ဆက်စူလို − အတ္တလန္တာ (တနင်္ဂနွေ၊ နံနက် ၁း၁၅)
ဆက်စူလိုရဲ့ ဒီနှစ်ခြေစွမ်းက လျှော့တွက်လို့မရတဲ့အသင်းတွေထဲမှာပါတယ်။ ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ခြေစွမ်းရှိတယ်။ အတ္တလန္တာကလည်း ခြေမှန်တဲ့ အသင်းပါ။ ချန်ပီယံလိဂ် ကစားထားရလို့ ပွဲတော့ပန်းနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဆက်စူလိုအိမ်ကွင်းသွားကစားရမှာဖြစ်လို့အန္တရာယ်တော့ ရှိနိုင်ပါတယ်။ အိမ်ကွင်းအားသာချက်ရှိနေတဲ့ ဆက်စူလိုကိုအားပေးချင်တယ်။
နာပိုလီ − ဘရက်စီယာ (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
စီးရီးအေမှာ အသင်းကြီးစာရင်းဝင်တဲ့ နာပိုလီ အစမ်းသပ်ခံရမယ့်ပွဲပါ။ ဘရက်စီယာက ပိတ်ဆို့ ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် နာပိုလီတို့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ခက်နိုင်ပါတယ်။ ဒီပွဲပြီးရင်လည်း ကြားရက်မှာ နာပိုလီတို့ ချန်ပီယံလိဂ်ကစားဖို့ရှိပါတယ်။ ဒါကြောင့် အခုပွဲကို ကစားအားချ ကစားနိုင်ပါတယ်။ ဘရက်စီယာကို ကြိုက်ပါတယ်။
လာဇီယို − ဂျီနိုအာ (တနင်္ဂနွေ၊ ည ၇း၃ဝ)
ကစားအားကောင်းတဲ့အသင်းတွေထဲမှာ လာဇီယိုပါပါတယ်။ အသင်းက ကစားသမားအားလုံးက ပွဲချိန်ပြည့်အာရုံစိုက်ကစားတာကိုလည်း တွေ့ရပါတယ်။ ဂျီနိုအာက အသင်းကြီးတွေဆို ခံကစားတတ်တာကို သတိထားရမှာပါ။ အခုလည်း ကိုယ့်ထက်အင်အားကြီးတဲ့ လာဇီယိုနဲ့ ကစားရမှာဖြစ်လို့ ဂျီနိုအာတို့ ကစားအားတင်လာနိုင်ပါတယ်။ လာဇီယိုအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။
လက်ချီ − ရိုးမား (တနင်္ဂနွေ၊ ည ၇း၃ဝ)
တန်းတက်လက်ချီအသင်းက အင်တာ၊ နာပိုလီစတဲ့ စီးရီးအေက အသင်းကြီးတွေကို ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အသင်းပါ။ အခုလည်း နောက်ထပ်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရိုးမားနဲ့ တွေ့နေပြန်ပါတယ်။ ရိုးမားက အသင်းလိုက်ကစားအားကောင်းပေမဲ့ ဒုတိယပိုင်းမှာ ကျသွားတတ်ပါတယ်။ ဒါကြောင့်ဘိုလော့နာနဲ့ အဝေးကွင်းပွဲမှာလည်း ဂိုးပေးခဲ့ရပါတယ်။ အခုလည်း လက်ချီကွင်းမှာ ရိုးမားတို့ရုန်းကန်ရနိုင်ပါတယ်။
ယူဒီးနိစ် − ဘိုလော့နာ (တနင်္ဂနွေ၊ ည ၇း၃ဝ)
ယူဒီးနိစ်တို့ ရာသီအဖွင့်ပွဲမှာ အေစီမီလန်ကို အနိုင်ရပြီးနောက် သုံးပွဲဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာတော့ ကစားအားပြန်တင်လာနိုင်ပါတယ်။ ဒါပေမဲ့ ဘိုလော့နာဟာ ယူဒီးနိစ်တို့ စိတ်ကြိုက်ကစားခွင့်ရမယ့် အသင်းမျိုးတော့မဟုတ်ပါဘူး။ အလယ်အလတ်အသင်းတွေထဲမှာ ကစားအားကောင်းတဲ့အသင်းပါ။ သရေရလဒ်လောက်သာ ထွက်ပေါ်လာနိုင်ပါတယ်။
ကက်ဂလီယာရီ − ဗီရိုနာ (တနင်္ဂနွေ၊ ည ၁ဝး၃ဝ)
ဂျီနိုအာ၊ ပါးမားတို့ကို အနိုင်ကစားထားတဲ့ ကက်ဂလီယာရီရဲ့ ခြေစွမ်း ပုံမှန်ပြန်ရလာပြီ လို့ ထင်ရပါတယ်။ ဗီရိုနာ အဆိပ်ရှိတဲ့အသင်းပါ။ အသင်းကြီးတွေတောင် ခက်ခက်ခဲခဲကစားရပါတယ်။ ကက်ဂလီယာရီအတွက် အခွင့်အရေးတစ်ခုက အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲစကတည်းက ဗီရိုနာကို ဖိအားပေးကစား ဖွယ်ရှိနေပါတယ်။ ပွဲတိုင်းနီးပါး ဂိုးတွေသွင်းနေတဲ့အတွက်ကြောင့်ကက်ဂလီယာရီကို ကြိုက်ပါတယ်။
အေစီမီလန် − ဖီအိုရင်တီးနား (တနင်္လာ၊ နံနက် ၁း၁၅)
အေစီမီလန်ရဲ့ ခြေစွမ်းက အပြည့်အဝ ယုံကြည်လို့မရသေးတဲ့ အနေအထားမှာရှိနေပါတယ်။ အသင်းငယ်လေးတွေကို အနိုင်ရထားပေမဲ့ ကစားအားနဲ့ ဂိုးသွင်းနှုန်းက အသင်းကြီးတစ်သင်းရဲ့ အနေအထားကို မရောက်သေးပါဘူး။ ဖီအိုရင်တီးနားလည်း အခုချိန်ထိ ပုံမှန်ခြေစွမ်းမရသေးပါဘူး။ ရမှတ်နှစ်မှတ်နဲ့ အမှတ်ပေးဇယားအောက်ခြေရောက်နေပါတယ်။ ဒါကြောင့် အိမ်ကွင်းအားသာချက်ရှိနေတဲ့ အေစီကိုပဲ အားပေးကြည့်ချင်တယ်။
ပါးမား − တိုရီနို (အင်္ဂါ၊ နံနက် ၁း၁၅)
ပါးမားက လေးပွဲကစားပြီးချိန်မှာ တစ်ပွဲသာအနိုင်ရထားပြီး သုံးပွဲရှုံးထားပါတယ်။ တိုရီနိုကတော့နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားတဲ့အသင်းပါ။ တိုရီနိုရဲ့ ထူးခြားချက်က သူနိုင်ထားတဲ့အသင်းနှစ်သင်းစလုံး သူ့အထက်ကအသင်းတွေဖြစ်ပြီး ရှုံးထားတဲ့အသင်းနှစ်သင်းက သူ့အောက်ကအသင်းတွေပါ။ ဒါကြောင့် တိုရီနိုဟာ သူထက်နိမ့်တဲ့အသင်းတွေ့နဲ့တွေ့ရင် အလျှော့ပေးသလိုဖြစ်နေတယ်။ အခုကစားရမယ့် ပါးမားကလည်း သူ့ထက်နိမ့်ပါတယ်။ ဒါကြောင့် အခုပွဲမှာ ပါးမားကို အလျှော့ပေးသွားမယ်ထင်တယ်။














