လူသတ်တိမ်းရှောင်သူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာစခန်းသို့ လွှဲပြောင်း

လူသတ်တိမ်းရှောင်သူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာစခန်းသို့ လွှဲပြောင်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လူသတ်မှုကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေသူကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီးနောက် စက်တင်ဘာ ၂၉ ရက်တွင် သက်ဆိုင်ရာမြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။

စက်တင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်၊ စာကလေးကွင်းကျေးရွာ၊ မြို့ရှောင်(၁၂)လမ်းရှိ ဆံသဆိုင်၌ လူသတ်မှုတရားခံပြေး အေးမြင့်(ခ) သားချို (ခ) ပိုးဟပ်ဖြူ (၄၀)နှစ်၊ ရောက်ရှိနေကြောင်း သတင်းအရ ပဲခူးမြို့ အမှတ် (၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

တရားခံပြေးအေးမြင့်(ခ) သားချို(ခ)ပိုးဟပ်ဖြူကို ဆံသဆိုင်အတွင်း အသင့်တွေ့ရှိရပြီး အသာတကြည်အဖမ်းခံရန် ရဲတပ်ဖွဲ့ဝင်များက ပြောဆိုနေစဉ် ယင်းတရားခံပြေးက ဆံသဆိုင်အတွင်းရှိ ကပ်ကြေးထည့်ထားသော ခြင်းကိုလှမ်းဆွဲ၍ ပြန်လည်ခုခံရန်ကြံရွယ်သဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက အသင့်ကိုင်ဆောင်ထားသော သေနတ်ဖြင့် တစ်ချက် ပစ်ခတ်လိုက်ရာ ဝဲဘက်ခြေသလုံး ထိမှန်ခဲ့သည်။

အေးမြင့်(ခ) သားချို(ခ)ပိုးဟပ်ဖြူမှ ထပ်မံ၍ ကပ်ကြေးထည့်ထားသောခြင်းကို ပြေးဆွဲခဲ့သဖြင့် ဒုတိယအကြိမ် တစ်ချက်ပစ်ခတ်ရာ ဝဲဘက် တင်ပါးဆုံကို ထိမှန်ဒဏ်ရာများရရှိကာ ယင်းနေရာတွင် လဲကျသွားစဉ် ဖမ်းဆီးနိုင်ခဲ့သည်။

သေနတ်ဒဏ်ရာထိမှန်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်နေသူ တရားခံပြေး အေးမြင့် (ခ) သားချို(ခ) ပိုးဟပ်ဖြူကို မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။

၎င်းကို ဖမ်းဆီးစဉ် ဆံသဆိုင်ခုံတန်းရှည်ပေါ်ရှိ ၎င်းပိုင် လွယ်အိတ်အတွင်းမှ အရိုး/အသွားရှစ်လက်မခန့်၊ ဓားဦးချွန်အနက်ရောင်၊ ခေါက်ဓားတစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

၎င်းသည် လှိုင်သာယာမြို့မရဲစခန်း(ပ)၃၈၃၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၃/၂၉၄/၅၀၆/၁၁၄ အမှုမှ ပုဒ်မ ၃၂၆ မှ ၃၀၂ (လူသတ်မှု)ပြောင်းနှင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ) ၂၃၃၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အမှုမှ တရားခံဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြစ်မှုကျူးလွန်ပြီးနောက် တိမ်းရှောင်နေသည့်၎င်းကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် နယ်မြေအပိုင် လှိုင်သာယာမြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။