ဆိုင်ကယ်ချင်းပွတ်မိစဉ် ကျကျန်ခဲ့သည့်အိတ်အတွင်းမှ ငွေသိန်း ၂၀ ယူဆောင်သူကို ဖမ်းမိ

ဆိုင်ကယ်ချင်းပွတ်မိစဉ် ကျကျန်ခဲ့သည့်အိတ်အတွင်းမှ ငွေသိန်း ၂၀ ယူဆောင်သူကို ဖမ်းမိ

ပဲခူးမြို့တွင် ဆိုင်ကယ်ချင်းပွတ်မိစဉ် ကျကျန်ရစ်ခဲ့သည့် အိတ်အတွင်းမှ ငွေကျပ်သိန်း ၂၀ ကိုယူဆောင်ခဲ့သူကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားသည် ရန်ကုန်- မန္တလေးလမ်းမကြီးအတိုင်း နေအိမ်သို့ ဆိုင်ကယ်မောင်းနှင်ပြီး ပြန်လာစဉ် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းတံတားအနီးအရောက်၌ ကျွန်းသာယာ ရပ်ကွက်အတွင်းမှ လမ်းမကြီးသို့ ချိုးကွေ့ဝင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ပွတ်တိုက်မိခဲ့သည်။

ထိုသို့ပွတ်တိုက်မိစဉ် ၄င်း၏ ယာဘက်ပုခုံးတွင် ချိတ်လွယ်ထားသည့် ငွေကျပ်သိန်း ၂၀ ပါ ကျောပိုးအိတ်မှာ ကြိုးပြတ်၍ ကျန်ခဲ့သည်။

အဆိုပါ ကျောပိုးအိတ်ကြိုးပြတ်ကျန်ခဲ့သည်ကို (၂)ဖာလုံခန့် အကွာအရောက်မှသိရှိရပြီး ယင်းအိတ်ကို အမည်မသိ အမျိုးသမီးတစ်ဦးက ကောက်ယူထား သည်ကို တွေ့ရှိသဖြင့် ပြန်တောင်းခဲ့သည်။

ထိုသို့ပြန်တောင်းစဉ် အဆိုပါ အမည်မသိအမျိုးသမီးက ကျောပိုးအိတ်ကို ပစ်ချပေးခဲ့ပြီး ထွက်သွားခဲ့သည်။ ကျောပိုးအိတ်ကို စစ်ဆေးရာ ငွေကျပ် သိန်း ၂၀ ပျောက်ဆုံးနေသည်ကို သိရသဖြင့် ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၁၄၈၃/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့် စုံစမ်းခဲ့ သည်။

သက်ဆိုင်ရာက ဆက်လက်စုံစမ်းခဲ့ရာ စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ (၄)၊ ဘိုတဲကုန်း (၄)လမ်း၌ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးကို တွေ့ရှိသဖြင့်စစ်မေးခဲ့သည်။

ထိုသို့ စစ်မေးရာ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်နေ မစံပယ် (၂၁) နှစ်ဟု သိရပြီး ၄င်း၏ ခါးတွင် ပတ်ထားသည့် ဂျင်းအင်္ကျီအပြာရောင်နှင့် ထုပ်ထားသည့် ငွေစက္ကူ (၁၀ဝ၀ဝိ/-)တန် (၁၀ဝိ/-)ရွက်စီပါ နှစ်ထုပ်ကိုတွေ့ရှိသိမ်းဆည်းရမိကာ ၎င်းကအဆိုပါပြစ်မှုကို ကျူးလွန်ကြောင်းပေါ်ပေါက်သဖြင့် ဆက်လက်အရေးယူထားသည်။