ဗိုလ်တထောင်စေတီတော်ရှိ အလှူခံပုံးများမှ အလှူငွေများလာရောက်ရေတွက်သူက ငွေကျပ် ၆ သိန်း ကျော်ခိုးယူခဲ့မှုကို စက်တင်ဘာ ၂၉ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော် ဒုတိယရုံးအဖွဲ့မှူး ဦးစိုးသင်းမှ သက်ဆိုင်ရာသို့တိုင်ကြားရာတွင် နံနက် ၁၀ နာရီခန့်တွင် စေတီတော်ရှိ အလှူခံပုံးများမှ အလှူငွေများကို ပရဟိတအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင် ၁၃၈ ဦးဖြင့် ဆိပ်ကမ်း ဓမ္မာရုံကြီး အတွင်းရေတွက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ရေတွက်စဉ် အဆိုပါ အဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်မိုးမိုးအေး(၅၂ နှစ်)ရေတွက်နေသည့် အလှူငွေများကို ၄င်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝှက်သိမ်းနေသည်ကို စေတီတော် လုံခြုံရေးမှူး ဦးမောင်မောင်ဦးနှင့်အဖွဲ့က တွေ့မြင်ခဲ့ပြီး လုံခြုံရေးရုံးခန်းသို့ ခေါ်ယူကာ အမျိုးသမီးလုံခြုံရေး ဝန်ထမ်း အကူအညီဖြင့် စစ်ဆေးရှာဖွေခဲ့သည်။
၄င်း၏ ခန္ဓာကိုယ်အတွင်းမှ ငွေကျပ် ၁၀ဝ၀ဝ တန် ၂၇ ရွက်၊ ၅၀ဝ၀ ကျပ်တန် ၇၃ ရွက်၊စုစုပေါင်း ၆၃၅၀ဝ၀ ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၄၂၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

















