ရေနံချောင်းမြို့တွင် မိခင်ဖြစ်သူကို ကားဂိတ်၌ စောင့်ကြိုနေသည့် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုအား သက်ဆိုင်ရာက စက်တင်ဘာ ၃၀ ရက်တွင် အမှုဖွင့်ထားသည်။
ရေနံချောင်းမြို့ သာယာအေးရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်သည် လွန်ခဲ့သော ၁၄ ရက်ခန့်က မန္တလေးမြို့တွင် အလုပ်သွားရောက် လုပ်ကိုင်သည့် မိခင်ဖြစ်သူ ပြန်လာမည်ဖြစ်ကြောင်းသိရသဖြင့် စက်တင်ဘာ ၂၉ ရက် ည ၈ နာရီခန့်၌ ကားဂိတ်သို့ သွားရောက် စောင့်ဆိုင်းခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် တစ်ရပ်ကွက်တည်းနေ အောင်ကျော်ကျော်(၃၁ နှစ်) ဆိုင်ကယ်ဖြင့် ရောက်လာပြီး နင့် အမေကို ၃၆ ကားဂိတ်မှာ သွားကြိုရမှာဟု ပြောဆိုကာ ၎င်းလိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြော၍ ဆိုင်ကယ်ဖြင့်ခေါ်သွားခဲ့သည်။
ရေနံချောင်းမကွေးကားလမ်း၊မိုင်တိုင်အမှတ်၃၅၉/၅အနီးကုန်းမြင့်ပေါ်ရှိအမှိုက်ပုံအနီး၊မြက်ခင်းပြင်အရောက်တွင် ဆီကုန်ကြောင်းပြောဆိုကာ အောင်ကျော်ကျော်ကဆိုင်ကယ်ရပ်သဖြင့် မိန်းကလေးငယ် က ဆိုင်ကယ်ပေါ်မှ ဆင်းခဲ့သည်။
ထိုသို့ဆင်းစဉ် အောင်ကျော်ကျော်က ရင်ဘက်ကို တွန်းလှဲသဖြင့် လဲကျသွားချိန်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အောင်ကျော်ကျော်က ကျူးလွန်ပြီးနောက် ဆိုင်ကယ်နှင့် ပြန်ခေါ်လာကာ ရပ်ကွက်ဓမ္မာရုံအနီးတွင် ပြန်ချထားပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားချိန်တွင် နစ်နာသူက ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံရာ မရသောကြောင့် အရေးယူပေးရန် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ညောင်လှနယ်မြေရဲစခန်းက(ပ)၁၄၈/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီး အရေးယူထားသည်။
















