ရထားစီးသည့် နိုင်ငံခြားသူ၏ခရီးဆောင်အိတ်ကို ခိုးယူရန်ကြံစည်သူအား ဖမ်းမိ

ရထားစီးသည့် နိုင်ငံခြားသူ၏ခရီးဆောင်အိတ်ကို ခိုးယူရန်ကြံစည်သူအား ဖမ်းမိ

နောင်ချိုမြို့တွင် ရထားစီးသည့် နိုင်ငံခြားသူ၏ခရီးဆောင်အိတ်ကို ခိုးယူရန်ကြံစည်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။
 

စက်တင်ဘာ ၂၉ ရက် နံနက်၁၁ နာရီ ၁၅ မိနစ်တွင် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်ကျေးရွာ တံတား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်ဘူတာအနီး မသင်္ကာဖွယ်တွေ့ရှိသူ သိန်းထွန်း(ခ)ဘာဘူကို  စစ်မေးခဲ့သည်။

၎င်းကို စုံစမ်းချက်အရ အမှတ်(၁၃၁) မန္တလေး-လားရှိုး အဆန်ရထားဖြင့် မန္တလေးမှ လားရှိုးသို့ လိုက်ပါခဲ့ပြီး ဂုတ်ထိပ်ဘူတာအနီးအရောက်၌ တစ်တွဲတည်း လိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦးက ပစ္စည်းတင်စင်ပေါ် တင်ထားသည့် ခရီးဆောင်အိတ်ကို ခိုးယူ၍ ရထားပေါ်မှ ပစ်ချခဲ့ကြောင်းနှင့် ဂုတ်ထိပ်ဘူတာတွင် ရထားရပ်စဉ် အဆိုပါအိတ်ကို သွားရောက်ကောက်ယူရန် ရထားပေါ်မှဆင်းချိန်စဉ် စစ်မေးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါခရီးဆောင်အိတ်ကို လိုက်လံရှာဖွေရာ ဂုတ်ထိပ်ကျေးရွာအနီး ရထားလမ်း မိုင်တိုင်(၄၁၆/၁၂-၁၃)ကြား၌တွေ့ရှိရပြီး အဆိုပါအိတ်အတွင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ၊ အင်ဒိုနီးရှားငွေ/အကြွေစေ့ရောရာ ၅၀,၈၀ဝ ရူပီး၊ ဗီယက်နမ်ငွေ ၄၀,ဝ၀ဝ ဒေါင်၊ တရုတ်ငွေ ၅၅၀ ယွမ်၊ Apple တံဆိပ်ပါ ဖုန်းဘတ္ထရီ တစ်လုံး၊ ဖုန်းအားသွင်းကြိုး ငါးချောင်း၊ ဆေးဝါးများ၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ပစ္စည်းပိုင်ရှင်မှာ ကနေဒါနိုင်ငံသူ Amy Melissa Tom အသက် (၂၃)နှစ်ဖြစ်ပြီး သီပေါမြို့ဘူတာ၌ ဆင်းသွားကြောင်း သိရှိရသဖြင့် ၄င်းကို ဆက်သွယ်အကြောင်းကြားထားပြီး ဖမ်းဆီးရမိသူကို နောင်ချိုမြို့မရဲစခန်းက (ပ)၂၀၄/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူထား သည်။