တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းဆရာမကို အငြိုးထားကာ ဓားဖြင့်ခုတ်သတ်ခဲ့သူအား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် ညနေ၄နာရီခွဲခန့်တွင် တောင်တွင်းကြီးမြို့နယ် သရက်ခုံကျေးရွာနှင့် တက်ပု အောင်းကျေးရွာအကြား လူသွားလမ်းပေါ်၌ ကျောင်းဆရာမတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး နေကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာသရက်ခုံကျေးရွာနေကျောင်းဆရာမ မိုင်သန်းသန်းစိုး(၃၄)နှစ်ဖြစ်ပြီး ဦးခေါင်းကြေမွ ဒဏ်ရာများ၊ တင်ပါး၌ဓားခုတ်ဒဏ်ရာများရရှိ သေဆုံးနေသည်ကိုတွေ့ရကာ သက်ဆိုင်ရာက အလောင်းကို ရင်ခွဲရုံသို့ ပို့အပ်ခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် သော်ဇင်အောင်နှင့် အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တက်ပုအောင်းကျေးရွာနေ ဖိုးပြူး(ခ)နိုင်စိုး (၂၀)နှစ်ကို တက်ပုအောင်းကျေးရွာရှိဆိုင်ကယ်ပြင်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
အမှုနှင့်ပတ်သက်၍ ၄င်းကို စစ်ဆေးခဲ့ရာ သေဆုံးသူဆရာမနှင့်ပတ်သက်၍ လူမှုရေးကိစ္စ ရန်ငြိုးရန် စရှိသူဖြစ်ပြီး ကျေးရွာရုံး၌ခံဝန်လက်မှတ်ထိုးထားသူဖြစ်ကြောင်း၊ အခင်းဖြစ်နေ့က တစ်မိုင်ခန့်ဝေးကွာသည့် နေအိမ်မှ ကျောင်းသို့ လမ်းလျှောက်ပြန်လာစဉ် လူပြတ်သည့် အခင်းဖြစ်နေရာမှ စောင့်ဆိုင်းကာ ဆရာမကို ကိုင်းခုတ်ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကုက္ကိုကုန်းနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူ ဖိုးပြူး(ခ) နိုင်စိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

















