နှာခေါင်းဖြန်းဆေးဟာဆေးစွဲခြင်းပြဿနာဖြစ်စေသလား

နှာခေါင်းဖြန်းဆေးဟာဆေးစွဲခြင်းပြဿနာဖြစ်စေသလား

နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီးအနေရခက်လာစေပါတယ်။ 

လူအများဟာ နှာစေးခြင်းကိုသက်သာအောင် နှာခေါင်းဖြန်းဆေး (nasal spray) ကိုအသုံးပြုကြပါတယ်။ နှာခေါင်းဖြန်းဆေးဟာလည်းအမျိုးမျိုးရှိတတ်ပါတယ်။

နှာစေးလာတဲ့အခါ နှာခေါင်းအတွင်းပိုင်းနံရံရောင်ရမ်းလာတတ်ပါတယ်။ နှာခေါင်းဖြန်းဆေးဟာ နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေပြီး နှာခေါင်းအတွင်းပိုင်းနံရံတွေ ရောင်ရမ်းမှုကိုလျော့ကျစေခြင်းဖြင့် နှာစေးခြင်း နှာပိတ်ခြင်းကိုသက်သာသွားစေနိုင်ပါတယ်။

နှာခေါင်းဖြန်းဆေးများကိုအများဆုံးသုံးရက်အထိအသုံးပြုရတတ်ပါတယ်။ တစ်ခါတရံမှာပိုမိုပြီးသုံးစွဲမိတဲ့အခါ ဆေးယဉ်ပါးသလိုဖြစ်လာနိုင်ပါတယ်။ သဘောကတော့ လိုချင်တဲ့ ရလဒ်ထွက်လာအောင် ယခင်ကထက် ပိုမိုပြီးသုံးစွဲလာရတတ်ပါတယ်။ အဲဒီအခါ ဆေးကိုစွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။

နှာခေါင်းဖြန်းဆေးအမျိုးအစားတွေဟာ ပါဝင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ဖြစ်ပါတယ်။

•    ဆလိုင်းရည်ပါတဲ့ နှာဖြန်းဆေး
•    စတီးရွိုက်ဖြန်းဆေး
•    ဟစ်စ်တမင်းဆန့်ကျင်ဆေး
•    နှာခေါင်းပွင့်ဆေး

နှာခေါင်းဖြန်းဆေးကို ကြာကြာသုံးရင် ဘာဖြစ်လာနိုင်သလဲ

နှာခေါင်းတွင်းဖြန်းဆေးကိုလိုအပ်တာထက်ပိုပြီး ကြာကြာသုံးမိရင် တကျော့ပြန်နှာပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သုတေသီတချို့ကဒီအချက်ကိုလက်မခံဘဲအငြင်းပွားနေဆဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆေးယဉ်ပါးလာနိုင်ခြေရှိပါတယ်။ ဆေးယဉ်ပါးလာတဲ့အခါ ရောဂါဝေဒနာသက်သာအောင် အရင်ကသုံးစွဲနေကြထက် ဆေးပမာဏကိုတိုးမြှင့်သုံးစွဲရခြင်း၊ မကြာခဏသုံးစွဲလာရခြင်း ဖြစ်ပါတယ်။
နှာခေါင်းဖြန်းဆေးတွေဟာ နှာခေါင်းတွင်းကသွေးကြောတွေကိုကျဉ်းသွားစေပါတယ်။ ဒါပေမယ့် ဆေးကိုရပ်လိုက်တာနဲ့ ပြန်ပြီးရောင်လာနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရဆေးအပေါ်မှီခိုလာရခြင်းနဲ့ ဆေးစွဲခြင်းဟာအနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရမှီခိုနေတယ်ဆိုတာကတော့ ဆေးကိုရပ်လိုက်တာနဲ့ ပျောက်နေတဲ့ လက္ခဏာတွေ (ဥပမာ နှာစေးခြင်း) ပြန်ပေါ်လာခြင်းမျိုး ဖြစ်ပါတယ်။

ဆေးစွဲခြင်းဆိုတာကတော့ သုံးစွဲနေတဲ့ဆေးအပေါ် ပြင်းပြင်းထန်ထန်တောင့်တနေတတ်ပြီးသုံးစွဲခြင်းကိုရပ်တန့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ရပ်တန့်လိုက်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာပေးရရင် မူးယစ်ဆေးစွဲတာမျိုး ဖြစ်ပါတယ်။

အလွန်အကျွံသုံးစွဲမိခြင်း၏ လက္ခဏာများ

နှာခေါင်းဖြန်းဆေးကိုအလွန်အကျွံသုံးစွဲမိခြင်းဆိုတာအောက်ပါအခြေအနေတွေကိုဆိုလိုပါတယ်။
•    တစ်ပတ်ထက်ကျော်ပြီးသုံးစွဲခြင်း
•    ညွှန်ကြားသည်ထက် ပိုမိုပြီးမကြာခဏသုံးစွဲခြင်း
•    ဆေးကိုရပ်လျှင်၊ သုံးစွဲရန်လွတ်သွားလျှင် နှာပြန်ပိတ်/စေးခြင်း
နှာခေါင်းဖြန်းဆေးသုံးစွဲမှုရပ်တန့်လိုက်တာနဲ့ အဓိကကြုံရတတ်တဲ့ ပြဿနာကတော့ နှာပြန်စေးတာပါပဲ။ အထူးသဖြင့် နာတာရှည်ဖြစ်ပွားတတ်တဲ့ ဓာတ်မတည့်ခြင်း ပြဿနာတွေ ဖြစ်ပါတယ်။

အောက်ပါအခြေအနေတွေ ကြုံနိုင်ပါတယ်

•    နှာရည်ကျခြင်း
•    လည်ချောင်းနာခြင်း
•    နှာစေးခြင်း
•    အသက်ရှုရခက်ခြင်း
•    ခေါင်းကိုက်ခြင်း
•    နှာခေါင်းရင်းမှကိုက်ခြင်း

နှာခေါင်းဖြန်းဆေးစွဲခြင်း ပြဿနာမဖြစ်အောင် ဘယ်လိုသုံးစွဲသင့်လဲ

ဆေးပုလင်း/ဆေးဘူးတွေမှာပါတဲ့ အချက်တွေ၊ ဆရာဝန်ညွှန်ကြားတဲ့အချက်တွေကိုလိုက်နာပါ။ အောက်ပါအချက်တွေကိုအဓိကလိုက်နာပါ။
•    ဆေးကို ၃ရက်ထက် ပိုမသုံးပါနဲ့။
•    ၁၀-၁၂ နာရီကြာတိုင်းတစ်ခါသုံးပါ (တစ်နေ့ ၂ကြိမ်)
•    ၂၄ နာရီအတွင်း နှစ်ကြိမ်ထက်ပိုမသုံးပါနဲ့။

အချုပ်ပြောရမယ်ဆိုရင် နှာခေါင်းဖြန်းဆေးကိုအလွန်အကျွံသုံးစွဲဖြစ်ခြင်းဟာမူးယစ်ဆေးစွဲသလိုတော့ မဆိုးရွားပါဘူး။ ဒါပေမယ့် ရက်သတ္တပတ်ပေါင်းများစွာ (သို့) လနဲ့ချီပြီးသုံးနေရပြီဆိုရင် မိမိကိုယ်ခန္ဓာ ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာဆေးအပေါ်စွဲလမ်းလာပြီဆိုတာသတိချပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးကုသတာအကောင်းဆုံးပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021