ဂျီကောင်ကိုမျိုထားသည့် စပါးအုံးမြွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူရှစ် ဦး အရေးယူခံရ

ဂျီကောင်ကိုမျိုထားသည့် စပါးအုံးမြွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူရှစ် ဦး အရေးယူခံရ

တိုက်ကြီးမြို့နယ်တွင် ဂျီကောင်ကိုမျိုထားသည့် စပါးအုံးမြွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ရှစ်ဦးကို ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အောက်တိုဘာ ၁ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီခန့်တွင် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးညွန့်လှိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၃၀ ရက်က တိုက်ကြီးမြို့ ၊မလေးရှားပိုင်အုပ်စု လိပ်ကြည်ကျေးရွာ တိုက်ကြီး ဖောင်ကြီးလမ်းမိုင်တိုင်အမှတ် ၈/၂ အနီး ကားလမ်းမဘေးတွင် ဂျီတစ်ကောင်ကိုမျိုထားသည့် စပါးအုံးမြွေကို လိပ်ကြည်ကျေးရွာနေ ဖိုးဇော်နှင့်အဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းအရ လိုက်လံရှာဖွေခဲ့သည်။

ထိုသို့လိ်ုက်လံရှာဖွေရာ ဖိုးဇော်၏ နေအိမ်နောက်ဘက်တွင် ဖျက်ထားသည့် မြွေအရေခွံကို အိတ်အတွင်းထည့်လျက် တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ မြွေကိုသတ်ဖြတ်၍ မြွေသားနှင့် မြွေဝမ်းဗိုက်အတွင်းမှ ဂျီကောင်ကို ချက်ပြုတ်စားသောက်ခဲ့ကြောင်း သိရသဖြင့် ဝင်းနိုင်ပါ ရှစ်ဦးကိုအရေးယူပေးရန် တိုင်ကြားခဲ့သည်။

တိုက်ကြီးမြို့မရဲစခန်းက (ပ)၂၀ဝ၂/၁၉ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က) အရ အမှုဖွင့်အရေးယူထားသည်။