စကားပြောအဆင်မပြေ၍ ဇနီးလည်ပင်းကို အဝတ်စဖြင့် ရစ်ပတ်ချည်နှောင်ရာမှ သေဆုံး

စကားပြောအဆင်မပြေ၍ ဇနီးလည်ပင်းကို အဝတ်စဖြင့် ရစ်ပတ်ချည်နှောင်ရာမှ သေဆုံး

လှိုင်သာယာမြို့နယ်တွင် လူမှုရေးကိစ္စစကားပြောအဆင်မပြေ၍ ဇနီးလည်ပင်းကို အဝတ်စဖြင့် ရစ်ပတ်ချည်နှောင်ရာမှ ဇနီးဖြစ်သူသေဆုံးခဲ့မှု အောက်တိုဘာ ၁ ရက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၁၀ ရပ်ကွက် ချောင်းဦးလမ်း၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်းသတင်းအရ သောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကိုဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းညိုမဲဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာက အခန်းချင်းကပ်လျက်နေသူများကို မေးမြန်းရာ မည်သည့်အသံမျှမကြားရကြောင်းနှင့် သေဆုံးသူ၏ ခင်ပွန်းလည်းပျောက်ဆုံးနေကြောင်း စုံစမ်းပေါ်ပေါက်ခဲ့သည်။

သေဆုံးသူ၏ ခင်ပွန်းမှာ ဟိန်းမင်းထွန်း ၂၆ နှစ်ဖြစ်ပြီး ၎င်းသည် ည ၁၀ နာရီခွဲတွင် အပြင်သွားရန်ရှိကြောင်းနှင့် တံခါးဖွင့်ပေးရန် ပြောဆိုကာ အပြင်သို့ထွက်သွားခဲ့ကြောင်း အဆောင်မှူးက သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။

သက်ဆိုင်ရာက ဟိန်းမင်းထွန်းကိုလိုက်လံရှာဖွေခဲ့ပြီး ၁၀ ရပ်ကွက် ပြည်လမ်းပေါ်တွင် တွေ့ရှိခဲ့သည်။၎င်းကို ထိန်းသိမ်းမေးမြန်းရာ ဇနီးဖြစ်သူနှင့်လူမှုရေးကိစ္စစကားပြောအဆင်မပြေဖြစ်ပြီး အဝတ်စဖြင့် ဇနီး၏လည်ပင်းကို ရစ်ပတ်ချည်နှောင်ခဲ့ကာ သတိလစ်မေ့မျောနေစဉ် အဆောင်မှူးကိုတံခါးဖွင့် ခိုင်း ၍ အပြင်သို့ထွက်လာခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက (ပ)၂၆၇၉ /၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားသည်။