ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆိုတာ ဥရောပက ထိပ်သီးမဟာအသင်းကြီးတွေ အားပြိုင်ကြတဲ့ လိဂ်ပြိုင်ပွဲ၊ သူတို့တစ်တွေ ပြိုင်ဆိုင်မှု အထမြောက်စေဖို့အတွက် ဥရောပက အသင်းငယ်တွေက အားဖြည့်ပေးရတယ်။ ဒီပြိုင်ပွဲထဲမှာခရိုအေးရှားက ဒိုင်နမိုဇာဂရက်ဆိုတဲ့ အသင်းလေးကလည်း တစ်သင်းအပါအဝင်ပေါ့။
ဒါပေမဲ့ ဒိုင်နမိုဇာဂရက် အသင်းလေးကတော့ ပါဝင်ရလို့ကျေနပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဆိပ်ပြင်းတဲ့ မြွေးပွေးလေးဖြစ်ကြောင်း ပြသခွင့်ရလို့ပဲဖြစ်ပါတယ်။ ဒီလိုပြသနိုင်ဖို့ သူတို့တစ်တွေ ခက်ခဲတဲ့လမ်းကို ဖြတ်သန်းလာခဲ့ရတယ်။ လမ်းကကြမ်းပေမဲ့ သူတို့တွေဟာ အဟန့်အတားမရှိ ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်။အဲဒီအတွက်သူတို့ဟာ ယူအီးအက်ဖ်အေကပေးတဲ့ အုပ်စုဝင်ခွင့်ရ Base Fee Prize Euro 15.2 m ကိုရရှိထားခဲ့ပြီဖြစ်တယ်။
အဝေးကြီးက ဖြတ်သန်းလာခဲ့ရတယ်
ဒိုင်နမိုဇာဂရက်ဟာ မဟာအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ခရီးအဝေးကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ သူတို့ဟာ 2nd Round ဆိုတဲ့ ခြေစစ်ပွဲခရီးကနေ စတင်ဖြတ်သန်းခဲ့ရတာပါ။ 2nd Round မှာမော်ဒိုဗာကလပ် ဆာဘာတာလိုနဲ့တွေ့ပြီး 2-0/ 3-0 ဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ရပြီး 3rd Round ကိုတက်လာခဲ့တယ်။3rd Round မှာ ဟန်ဂေရီကလပ် ဖီးရန့်ဗားရို့နဲ့ တွေ့ပြီး အိမ်ကွင်းမှာ ၁−၁ သရေကျ၊ အဝေးကွင်းမှာ ၄−ဝ နဲ့နိုင်ပြီးရှုံးထွက်အဆင့်ကို တက်လာခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာ ရိုစင်ဘော့နဲ့တွေ့ပြီး အိမ်ကွင်းမှာ ၂−ဝ နဲ့နိုင်၊အဝေးကွင်းမှာ ၁−၁ သရေကျပြီး ယူအီးအက်ဖ်အေကပေးတဲ့ အုပ်စုဝင်ခွင့်ရ Base Fee Prize Euro 15.2 m ကိုရရှိသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့် ဝင်ခွင့်ရဖို့ ဒိုင်နမိုဇာဂရက်ဟာ ခြောက်ပွဲကစားခဲ့ရပြီးလေးပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိကစားခဲ့ပါတယ်။ သွင်းဂိုး ၁၃ ဂိုးရှိခဲ့ပြီး ပေးဂိုး နှစ်ဂိုးသာရှိခဲ့ပါတယ်။
ဒိုင်နမိုဇာဂရက်ရဲ့ ဖြတ်သန်းမှုကြီးက အတော်ဝေးလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားကလပ် ဟာ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီဖြတ်သန်းမှုကို ကြည့်လိုက်ရင် ဂိုးသွင်းခဲ့သူတွေက ငါးဦးတောင်ရှိခဲ့ပါတယ်။ ပက်ကိုဗစ်၊ အော်ဆစ်၊ အော်လ်မို၊ ဂိုဂျက်၊ အက်ဒီမီဆိုတဲ့ကစားသမားတွေပါ၊ ဒိုင်နမိုဇာဂရက် တိုက်စစ်မှာ ပက်ကိုဗစ်၊အော်ဆစ်၊ အောလ်မိုတို့ အဓိက ကစားနေကြတာဖြစ်ပါတယ်။အဖြည့်ခံအသင်းမဟုတ်ဘူးဆိုတာ သတိမထားမိကြ။ ဒိုင်နမိုဇာဂရက် ကလပ်ဆိုတာ ချန်ပီယံလိဂ် အနေအထားမှာ အသင်းသေးသေးပါ၊ ချန်ပီယံလိဂ်အုပ်စုတွေခွဲတော့ Pot ဆိုတဲ့ အဆင့် သတ်မှတ်ချက်တွေ နဲ့ခွဲခဲ့တာပါ။ ဒိုင်နမိုဇာဂရက်ဟာ အနိမ့်ဆုံး Pot 4 ထဲမှာပဲရှိနေခဲ့ပါတယ်။ Pot 4 ထဲမှာပါတဲ့ အသင်းတွေဟာချန်ပီယံလိဂ်မှာတော့ အဖြည့်ခံတွေဖြစ်ပါတယ်။ ဒါပေမဲ့ဒိုင်နမိုဇာဂရက်ကလပ်ဆိုတာ အဖြည့်ခံမဟုတ်ဘူး။ အဆိပ်ရှိတဲ့ မြွေပွေးလေးတစ်ကောင် ဖြစ်တယ်ဆိုတာ ကိုတော့ ဘယ်သူမှသတိမထားမိကြသေးပါဘူး။ သူဟာ မန်စီးတီး၊ ရှက်တာဒိုးနက်၊ အတ္တလန္တာတို့နဲ့ အတူကျခဲ့ပါတယ်။ ရှက်တာဒိုးနက် ဆိုတာ ယူကရိန်း ကလပ်၊ ချန်ပီယံလိဂ်ကို နှစ်စဉ်နှစ်တိုင်း ဝင်ခွင့်ရတဲ့အသင်း၊ ဘရာဇီးလ် ကစားသမား ၁၂ ယောက်အထိရှိနေပြီး ယူကရိန်းလက်ရွေးစင် အများစုကစားနေတဲ့အသင်း ဖြစ်ပါတယ်။ အတ္တလန္တာ ကျပြန်တော့လည်း စီးရီးအေကအသင်း၊ ဒါပေမဲ့ ချန်ပီယံလိဂ်မှာဒိုနမိုဇာဂရက်လောက် အတွေ့အကြုံရှိတဲ့အသင်းမဟုတ်ပါဘူး၊ ဒါပေမဲ့ စီးရီးအေကအသင်းဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ အတ္တလန္တာကို အထင်ကြီးခဲ့ကြပါတယ်။ ဒိုနမိုဇာဂရကေကိုတော့ အဖြည့်ခံအသင်းလို့ ထင်မြင်ယူဆနေခဲ့ကြတယ်။ ဒိုနမိုဇာဂရက်ဟာ အဖြည့်ခံအသင်း မဟုတ်ဘူးဆိုတာကိုတော့ သတိမထားမိကြပါဘူး။ မန်စီးတီးနဲ့အတူနောက်တစ်ဆင့် တက်မယ့်အသင်းဟာ ရှက်တာဒိုးနက်နဲ့ အတ္တလန္တာ နှစ်သင်းထဲက တစ်သင်းလို့ ထင်နေကြပါတယ်။
အတ္တလန္တာကို အနိုင် ကစားပြလိုက်တယ်။ ချန်ပီယံလိဂ်ပွဲစဉ် (၁) ကစားတော့ ဒိုနမိုဇာဂရက်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပါတယ်။ ကစားရတဲ့ အသင်းက စီးရီးအေက အတ္တလန္တာအသင်းနဲ့ပါ။ အတ္တလန္တာ အနိုင်ကစားနိုင်မယ်လို့ထင်ထားခဲ့ကြပါတယ်။ တကယ်တမ်းကစားတော့ အတ္တလန္တာဟာ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ၄−ဝ နဲ့အတ္တလန္တာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒိုနမိုဇာဂရက် တိုက်စစ်က အော်ဆစ်တစ်ဦးတည်းက သုံးဂိုးသွင်းသွားနိုင်ခဲ့ပါတယ်။ ဒိုနမိုဇာဂရက် တိုက်စစ်မှာအော်ဆစ်၊ ပက်ကိုဗစ်၊ အော်လ်မိုတို့က အဓိကကစားနေကြတာပါ။ ခံစစ်ကောင်းတယ်ဆိုတာကိုလည်း အတ္တလန္တာပွဲမှာ ထပ်မံပြသွားခဲ့ပါတယ်။ ခြေစစ်ပွဲ ခြောက်ပွဲမှာတုန်းက နှစ်ဂိုးသာပေးခဲ့ကတည်းက ဒိုနမိုဇာဂရက် တိုက်စစ်နဲ့ ခံစစ်က ဟန်ချက်ညီတယ်ဆိုတာ တွေ့နေခဲ့ပေမဲ့ ထင်ရှားခြင်း အားနည်းခြင်းက အထင်သေးစရာဖြစ်ခဲ့ရပါတယ်။ ဒိုနမိုဇာဂရက် ဟာ အုပ်စုမှာ မန်စီးတီးကို အနိုင်ကစားလို့ မရနိုင်ပေမဲ့ အတ္တလန္တာ၊ ရှက်တာဒိုးနက်တို့ကို အနိုင်ကစား နိုင်စွမ်းရှိနေပါ တယ်။ အိမ်ကွင်းမှာ အတ္တလန္တာကို အနိုင်ကစားပြီးပါပြီ။ ရှက်တာဒိုးနက်ကိုလည်း အနိုင်ကစားနိုင်စွမ်း ရှိနေပါတယ်။ အတ္တလန္တာနဲ့ ရှက်တာဒိုးနက်ကွင်းတွေမှာ တစ်ပွဲလောက် အနိုင်ကစားနိုင်မယ်ဆိုရင် ဒိုနမိုဇာဂရက်ဟာ မန်စီးတီးနဲ့အတူ နောက်တစ်ဆင့်တက်လို့ရတော့မှာဖြစ်ပါတယ်။ အသင်းမှာ ထင်ရှားတဲ့ ကစားသမားတွေနည်းလှပေမဲ့ Rising Star တွေ ဇာဂရက်ကလပ်မှာရှိနေပါတယ်။ဒီအချက်က ဒိုင်နာမိုဇာဂရက်အသင်း မန်စီးတီးနဲ့အတူ နောက်တစ်ဆင့်တက်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
တောက်ပတဲ့ကစားသမားတွေမွေးထုတ်တဲ့ကလပ်
ဒိုနမိုဇာဂရက်ဟာ ထင်ရှားတောက်ပလာမယ့် ခရိုအေးရှား ကစားသမားတွေ မွေးထုတ်ခဲ့တဲ့ကလပ်အသင်းဖြစ်ပါတယ်။ လက်ရှိ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်နေတဲ့ ဒေဗာဆူကာ၊ ဘိုဘန်၊ မာ့ခ်ဗီဒူကာ၊ အက်ဒရာဒိုတို့ကို မွေးထုတ်ခဲ့တဲ့ကလပ်ဖြစ်ပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်မှာ ကစားနေတဲ့ လူကာမိုဒရစ်၊ဂျူဗင်တပ်မှာကစားနေတဲ့ မန်ဇူကစ်၊ ချယ်လ်ဆီးမှာ ကစားနေတဲ့ ကိုဗာဆီဗစ်တို့ဟာလည်း ဒိုင်နမိုဇာဂရက်က မွေးဖွားပေးလိုက်တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ဒေဗာဆူကာဆိုရင် ဒိုင်နာမိုဇာဂရက်မှာ ခြေစွမ်းပြကစားခဲ့ပြီး ဆီဗီလာကို စာချုပ်၊ ဆီဗီလာက ရီးယဲလ်မက်ဒရစ်ရောက်၊ ရီးယဲလ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ခရိုအေးရှားက ထိပ်တန်းကစားသမားဖြစ်ပါတယ်။ ဘိုဘန်လည်း ဒိုင်နမိုဇာဂရက်မှာ ခြေစွမ်းပြကစားရင် အေစီမီလန်က စာချုပ်လိုက်တဲ့သူ၊ တစ်ချိန်က ထင်ရှားအောင်မြင်ခဲ့တဲ့ အေစီမီလန်ကွင်းလယ်မှာ ထင်ရှားတောက်ပခဲ့သူဖြစ်ပါတယ်။ Euro 96 ပြိုင်ပွဲမှာ အသင်းသစ်လေးအဖြစ် ဝင်ခွင့်ရခဲ့တဲ့ ခရိုအေးရှားအသင်းမှာ ဆူကာ၊ဘိုဘန်တို့ဟာ ဥရောပကလပ်အသင်းကြီးတွေ သတိထားမိခဲ့ကြတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ၁၉၉၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကစားခွင့်ရတဲ့ ခရိုအေးရှားဟာ တတိယရတော့ ဆူကာ၊ ဘိုဘန်တို့ဟာ ခရိုအေးရှားရဲ့ အဓိက ကစားသမား တွေဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲ ရောက်ခဲ့ပြီး ဒုတိယရခဲ့တော့လည်း လူကာမိုဒရစ်၊ မန်ဇူကစ်၊ ကိုဗာဆီဗစ်တို့ဟာ အဓိကကျခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ လူကာမိုဒရစ်ဆိုရင် Player Of The Year ဆုတွေရခဲ့တဲ့ ပထမဆုံး ခရိုအေးရှားကစားသမားဖြစ်ခဲ့ပါတယ်။ သူတို့ဟာ မထင်မရှား ဒိုင်နမိုဇာဂရက်က မွေးဖွားလိုက်တဲ့ကစားသမားတွေ ပဲဖြစ်ပါတယ်။
ထင်ရှားလာနိုင်တဲ့ ကစားသမားတွေ
အခုလက်ရှိ ဒိုနမိုဇာဂရက်မှာ ထင်ရှားတောက်ပလာ နိုင်တဲ့ ကစားသမားတွေရှိနေပါတယ်။ အော်ဆစ်၊ ပက်ကိုဗစ်၊အော်လ်မို၊ ဒိုင်လာဗာ၊ လီယိုဗက်၊ အက်ဒီမီ၊ ဂိုဂျက်ဒီကစားသမား ငါးဦးမှာ အနည်းဆုံး သုံးယောက်လောက်ကတော့ ဥရောပထိပ်တန်းလိဂ်တွေဆီကို ရောက်သွားနိုင်ပါတယ်။ ဒိုင်နမိုဇာဂရက်ဟာ မန်စီးတီးနဲ့အတူ နောက်တစ်ဆင့်တက်သွားမယ်ဆိုရင် သေချာပေါက် ပြောင်းသွားနိုင်သူတွေ ဖြစ်ပါလိမ့်မယ်။ အော်လ်မိုဆိုရင် စပိန် ယူ−၂၁ လက်ရွေးစင်တိုက်စစ်မှုးဖြစ်ပါတယ်။ ဘာစီလိုနာ အကယ်ဒမီကထွက်လာသူပါ။ သူ့ကို လာလီဂါကလပ်တွေက စိတ်ဝင်စားနေပါပြီ၊ ဇာဂရက်က သူ့ကိုစာချူပ်သစ်ချုပ်ဖို့ ကြိုးပမ်းပေမဲ့ ငြင်းဆိုထားပါတယ်။ အလက်တီကို၊ မန်ယူ၊ စပါးတို့က သူ့ကို ခေါ်ဖို့ကြိုးစားနေပါတယ်။ သူဟာမဖြစ်မနေပြောင်းရွှေ့တော့မယ့်သူဖြစ်ပါတယ်။ သူဟာ အသင်းကြီး တစ်သင်းကို ရောက်သွားနိုင်ဖွယ်ရှိပါတယ်။ နောက်ထပ် စိတ်ဝင်စားခြင်းခံနေရသူက အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဂိုဂျက်ပဲဖြစ်ပါတယ်။ ဒိုင်နမိုဇာဂရက်မှာ လူစားဝင်ကစားရတဲ့ နောက်ချန် တိုက်စစ်မှူးဖြစ်ပေမဲ့ အရေးပါတဲ့ ဂိုးတွေသွင်းနေသူဖြစ်ပါတယ်။ တိုက်စစ်မှူးအော်ဆစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်တွေစောင့်ကြည့်နေလို့ မကြာခင် ဒိုင်နမိုဇာဂရက်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတချို့ဟာ ထိပ်တန်းကလပ်အသင်းတွေဆီ ရောက်သွားဖွယ်ရှိနေပါတယ်။
ချန်ပီယံလိဂ်ရောက်ရင် အသင်းကြီးတွေက ကစားသမားတွေသာ အများစုစိတ်ဝင်စားကြပေမဲ့ ဘောလုံးကင်းထောက်တွေကတော့ မထင်မရှားအသင်းတွေက တောက်ပလာနိုင်တဲ့ ကစားသမားတွေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ မထင်မရှား ကစားသမားတွေကလည်း ချန်ပီယံလိဂ်မှာ သူတို့အစွမ်းအစတွေကို အစွမ်းကုန်ပြသလေ့ရှိကြပါတယ်။ ဒီရာသီချန်ပီယံလိဂ်မှာတော့ ဒိုနမိုဇာဂရက်က ကစားသမားတွေဟာ ကင်းထောက်တွေမျက်စိကြသူတွေ ဖြစ်နေပါတယ်။















