ဟိုတယ်နှင့် ATM စက်မှန်ချပ်များကိုဖျက်ဆီးနေသည့် စိတ်မကျန်းမာသူကို ဖမ်းဆီး

ဟိုတယ်နှင့် ATM စက်မှန်ချပ်များကိုဖျက်ဆီးနေသည့် စိတ်မကျန်းမာသူကို ဖမ်းဆီး

တောင်ငူမြို့၌ ဟိုတယ်နှင့် ATM စက်မှန်ချပ်များကိုဖျက်ဆီးကာ မိမိကိုယ်ကိုဒဏ်ရာရအောင်ပြုလုပ်ခဲ့သည့် စိတ်မကျန်းမာသူကိုယနေ့ အောက်တိုဘာ ၃  ရက်က ဖမ်းဆီးခဲ့သည်။

ယနေ့ မွန်းတည့် ၁၂ နာရီ၄၅ မိနစ်အချိန်ခန့် တွင် တောင်ငူမြို့နယ်၊ (၂)ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ အဝင်တံခါးမကြီး မှန်ချပ်များအား အမျိုးသားတစ်ဦးက ရိုက်ခွဲနေပြီး ဓါးကိုင်ရန်ပြုနေကြောင်း သတင်းအရ တောင်ငူမြို့အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့က ရောက်ရှိ စစ်ဆေး စုံစမ်းချက်အရ အမည်မသိအမျိုးသားတစ်ဦး အခင်းဖြစ် ဟိုတယ်အတွင်း ဝင်လာကာ ၎င်းမှာ ထီပေါက်ကြောင်း၊ထီပေါက် သည်ကို မထုတ်ပေးကြောင်း၊ ၎င်း၏ မိခင်မှာ ကျန်းမာရေး ကောင်းမွန်မှု မရှိသဖြင့် ၎င်းတွင် ပါလာသော လွယ်အိတ်ထဲသို့ ပိုက်ဆံများထည့်ပေးရန်၊ မထည့်ပေးပါက မိမိကိုယ်ကို သတ်သေ မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက်၎င်းတွင်ပါလာသည့် ဓါးဦးချွန်ဖြင့် ၎င်း၏ရင်အုံကို ထောက်စဉ် ဟိုတယ် မန်နေဂျာ က ထည့်ပေးမည်ဟု ချော့မော့ပြောဆိုသဖြင့် ဟိုတယ်အတွင်းမှ ထွက်သွားခဲ့သည်။
ဟိုတယ် ရှေ့ရှိ ကော်ထိုင်ခုံတွင် ခေတ္တထိုင်ကာ ၎င်း၏ ရင်ဘတ်ကို ပါလာသည့် အရိုး/ အသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးသွင်းခြင်း၊ အနီးတွင်ရှိသော အုတ်ခဲဖြင့်ဟိုတယ် အဝင်တံခါးမကြီးရှိ မှန်ချပ်(၁)ချပ်နှင့် ဟိုတယ်ရှေ့ရှိ CB ဘဏ်၏ ATM စက်နှင့် ကာရံထားသည့် မှန်ချပ်(၂)ချပ်တို့အားရိုက်ခွဲခဲ့ခြင်းများ ပြုလုပ်ခဲ့ကာ ဟိုတယ်ရှေ့ ကျုံးအတွင်း ထွက်ပြေးကာ အမှိုက်ပုံအနီး ပုန်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည် ။
ရဲတပ်ဖွဲ့က ၎င်းတွင်ပါလာသည့် ကျောပိုး လွယ်အိတ်ကို စစ်ဆေးရာ လွယ်အိတ်အတွင်းမှတောင်ငူမြို့နေ ချောင်းဖြူအုပ်စု အလယ်ကျေးရွာနေ မောင်ဝင်းဌေးဦး (၂၁) နှစ် ဖြစ် ပြီး စိတ်ကျန်းမာရေး ခံစား နေရသူဖြစ်ကာ၎င်းကို ရွာသာကြီးဆေးရုံသို့ သွားရောက်ပို့ဆောင်ရန် စီစဉ်နေစဉ် အောက်တိုဘာ၂ ရက် ညဦးပိုင်းတွင် နေအိမ်မှပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဝင်းဌေးဦးအား တောင်ငူ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။