မန်ယူအသင်းသည် အောက်တိုဘာ ၃ ရက်က ယူရိုပါလိဂ်အုပ်စုဒုတိယပွဲအဖြစ် အယ်ခမာကွင်းတွင် သွားရောက်ကစားခဲ့ရာ ဂိုးမရှိသရေဖြင့်သာ ပွဲပြီးဆုံးခဲ့ပြီးနောက် မန်ယူ ပရိသတ်များက နည်းပြဆိုးလ်ရှားအား ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများရှိလာခဲ့ကြောင်း အင်္ဂလန်သတင်းများက ရေးသားခဲ့သည်။
မန်ယူနည်းပြ ဆိုးလ်ရှားသည် တိုက်စစ်တွင် ဒန်နီရယ်ဂျိမ်းစ်ကိုအသုံးပြုခဲ့ပြီး ကွင်းလယ်တွင် မာတစ်၊ မာတာ၊ ဖရက်ဒ်၊ ဂိုမက်စ်နှင့် ဂရင်းဝုဒ် တို့ကိုအသုံးပြုခဲ့သည်။ မန်ယူအသင်းသည် အဝေးကွင်းတွင် နိုင်ပွဲရရှိရန် ကြိုးစားကစားခဲ့ သော်လည်း အိမ်ရှင်၏ကစားအားကြောင့် အခက်တွေ့ခဲ့ရသည်။
မန်ယူအသင်းသည် တစ်ပွဲလုံးတွင် ဂိုးပေါက် ခြိမ်းခြောက်မှု ခြောက်ကြိမ်ရှိခဲ့သော်လည်း တစ်ကြိမ်မှ ဂိုးပေါက်တည့်ခဲ့ခြင်း မရှိပေ။ တိုက်စစ်အားနည်းပြီး မန်ယူအသင်း ရလဒ်များ ဆိုးရွားနေ၍ နည်းပြဆိုးလ်ရှားမှာ ဖိအားများ ရင်ဆိုင်နေရသည်။ မန်ယူအသင်းသည် နှစ်ပေါင်း (၃၀) အတွင်း အဆိုးရွားဆုံးအဝေး ကွင်းရလဒ်ဖြင့် ကြုံတွေ့နေရသည်။ မန်ယူသည် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာအထိ အဝေးကွင်း ၁၁ ပွဲဆက်တိုက် အနိုင်ပျောက် ခဲ့ပြီးနောက် ယခုအခါ အဝေးကွင်း ၁၀ ပွဲ ဆက်တိုက်အနိုင်ပျောက်နေသည်။
အယ်ခမာနှင့်ပွဲပြီးနောက် ဒေါသထွက် နေသော မန်ယူအသင်းပရိသတ်များက ဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ရန် တွစ်တာ မှတစ်ဆင့် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ မန်ယူအသင်း ပရိသတ်တစ်ဦးက တစ်ပွဲလုံးတွင် ဂိုးပေါက်တည့်ကန်သွင်းမှု တစ်ကြိမ်မှမရှိခဲ့ ကြောင်း၊ ရှက်စရာကောင်းသည်ထက် ပိုနေ ကြောင်း ဆိုးလ်ရှားအား ရာထူးမှထုတ်ပယ် သင့်ပြီဖြစ်ကြောင်း သဘောထားဆန္ဒဖော် ထုတ်ခဲ့သည်။
မန်ယူအခြားပရိသတ်တစ်ဦးက ဆိုးလ်ရှားကို ထုတ်ပယ်သင့်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖိအားများရင်ဆိုင်နေရသော် လည်း မန်ယူနည်းပြဆိုးလ်ရှားက ရလဒ်အတွက် ကျေနပ်မိကြောင်းသာ အသိပေးခဲ့သည်။ အယ် ခမာပွဲတွင် လင်ဂတ်မှာ ဒဏ်ရာရခဲ့ပြီး အနား ယူရတော့မည်ဖြစ်သည်။















