နှလုံးတုန် တယ် ရင်တုန်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာပါပါတယ်။ နှလုံးဆိုတာကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံးမလား။ ဒီအရေးကြီးလှတဲ့ နှလုံးလေး တစ်ခုခုဖြစ်နေပြီလို့ပြတဲ့ အချက်တွေထဲမှာ နှလုံးတုန်တာကလည်းတစ်ခုအပါအဝင်လေ။ ဒါပေမယ့် နှလုံးတုန်တိုင်းကိုယ့်မှာ နှလုံးရောဂါရှိနေပြီလို့ ပြောလို့ကလည်းမရသေးပါဘူး။ ကျန်းမာရေးပြဿနာမဟုတ်တဲ့ အခြား နှလုံးတုန်စေတဲ ့ အကြောင်းအရင်းတွေကလည်းရှိသေးတယ်လေ။
ဒီတော့ နှလုံးတုန်ခြင်းကိုဘယ်လိုအကြောင်းအရာတွေကဖြစ်စေလဲဆိုတာ ကြည့်လိုက်ရအောင် ။
( ၁ ) ကဖင်းဓာတ်အလွန်အကျွံသောက်မိတာ
ခုခေတ် ကြီးက ကော်ဖီ လေးတစ်ခွက်လောက်မှမသောက်လိုက်ရရင် ကိုယ့်ရဲ့တစ်နေ့တာကဟာတာတာဖြစ်နေရတဲ့ ခေတ်ကြီးမဟုတ်လား။ တချို့ဆိုတစ်ခွက်တောင်မဟုတ်ဘဲကော်ဖီသုံးလေးခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့သူတွေလည်းအများကြီးပါနော်။ အဲဒီမှာစပြီးသူတို့တွေ ရင်တုန်တာပါပဲ။ ကဖင်းဓာတ်ရဲ့ အာနိသင်ကိုကအလွန်အကျွံသောက်မိလိုက်ရင် ရင်တုန်စေတယ် မဟုတ်လား ။
( ၂ ) စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု
စိတ်ဖိစီးမှု စိုးရိမ်သောကများမှုတွေကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ နှလုံးလေးလည်းအပါအဝင်ပေါ့။ စိတ်ဖိစီးနေတဲ့အချိန် ဆိုကိုယ်တွင်းမှာ adrenaline ဟော်မုန်းတွေ အများကြီးတက်လာလို့ နှလုံးတုန်တဲ့ ပြဿနာဖြစ်စေမှာပါ။
( ၃ ) လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ထားလို့
Gym သွားပြီးလေ့ကျင့်ခန်းလုပ်တဲ့သူတိုင်းသိကြမှာပါ။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ကိုယ်တွင်းက ကြွက်သားတွေဆီသွေးအလုံလောက်ရောက်စေဖို့ နှလုံးကပိုပြီးအလုပ်လုပ်ရပါတယ် ။ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် နှလုံးခုန်မြန်နေတတ်ပါတယ်။ ဒါကသာမာန်လူတွေမှာတောင် ဖြစ်တာဆိုတော့ အစကတည်း နှလုံးခုန်စည်းချက်မမှန်တဲ့သူတွေဆိုပိုပြီးဆိုးသွားတတ်ပါတယ်။
( ၄ ) နီကိုတင်း
ဆေးလိပ်တို့ ဆေးရွက်ကြီးတို့မှာပါတဲ့ နီကိုတင်းဓာတ်က သွေးပေါင်ကိုတက်စေပြီး နှလုံးခုန်မြန်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ကိုယ့်နှလုံးလေးကျန်းမာစေချင်ရင် ကောင်းကျိုးတစ်ခုမှ မရှိတဲ ့ဆေးလိပ်ကို ဖြတ်လိုက်တာကသာအကောင်းဆုံးပါ။ တစ်ခုမှတ်ထားရမှာနဂိုဆေးလိပ်စွဲသောက်နေတဲ့သူတစ်ယောက် ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ nicotine withdrawal ဆိုတဲ့ ဆေးလိပ်ကိုပြင်းပြင်းထန်ထန် တမ်းတတာမျိုးတွေ ခံစားရမှာပါ။ အဲဒီ nicotine withdrawal ရဲ့ လက္ခဏာတွေထဲမှာရင်တုန်တာကလည်းတစ်ခုအပါအဝင်ဖြစ်ပြီးဆေးလိပ်ဖြတ်ပြီး ၃ ပတ် ၄ ပတ်လောက်အထိရင်တုန်ခြင်းကို ခံစားရတတ်ပါတယ်။
( ၅ ) ဟော်မုန်းအပြောင်းအလဲကြောင့်
ဟော်မုန်းပြောင်းလဲတဲ့ ကာလတွေဖြစ်တဲ့ ဓမ္မတာ ပေါ်ချိန် ၊ ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးခါနီးချိန်နဲ့ သွေးဆုံးချိန်တို့မှာအမျိုးသမီးတွေ ရင်တုန်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။
( ၆ ) အဖျားတက်နေချိန်
ကိုယ်ပူပြီးအဖျားတက်နေချိန်တွေမှာကိုယ်ခန္ဓာကစွမ်းအင် သုံးစွဲမှု ၂ဆ မြင့်တက်လာတာကြောင့် နှလုံးလေးပိုအလုပ်လုပ်ရပြီး နှလုံးခုန်တာတွေလည်း မြန်နေတတ်ပါတယ်။ အပူချိန် ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်လောက် မြင့်သွားပြီဆိုတာနဲ့ နှလုံးလည်းစတုန်လာတော့မှာပါ။
( ၇ ) သွေးတွင်းသကြားဓာတ်နည်း နေတဲ့အခါ
ဗိုက်အရမ်းဆာနေတဲ့အချိန် လက်တွေကတုန်ကယင်ဖြစ် နှလုံးခုန်တွေမြန်စတဲ့ ခံစားမှုကိုခံစားဖူးကြတယ်မလား။ ဒါတွေအားလုံးကိုဗိုက်ဆာချိန် နည်းနေတဲ့ သွေးတွင်းသကြားရဲ့ သက်ရောက်မှုတွေဖြစ်ပါတယ်။ ဒီလိုပြဿနာကိုသွေးတွင်းသကြားဓာတ်မြင့်နေတဲ့ ဝေဒနာပိုင်ရှင် ဆီးချို သမားတွေပိုခံစားရတတ်ပါတယ်။ ဆီးချိုကျဆေးတွေလည်းသောက် ဆီးချိုတက်မှာကြောက်လို့ ဘာမှလည်းသိပ်မစားဖြစ်နဲ့ သွေးတွင်းသကြားဓာတ်ကျပြီး နှလုံးတုန် ရင်တုန်တွေဖြစ်လာပါတော့တယ်။
( ၈ ) သိုင်းရွိုက်ဂလင်း ပြဿနာဖြစ်နေတဲ့အခါမျိုးတွေ
သိုင်းရွိုက်ဟော်မုန်းများ နေလို့ အတက်ကြွလွန်ရောဂါ ခံစားနေရခြင်း( hyperthyroid ) ပြဿနာဟာ နှလုံးအပေါ်မှာသွားသက်ရောက်မှုရှိပြီး နှလုံးတုန်တဲ့ ပြဿနာကို ဖြစ်စေပါတယ်။
( ၉ ) နှလုံးရောဂါများ
နှလုံးပြဿနာတွေဖြစ်တဲ့
• Atrial fibrillation
• Supraventricular tachycardia
• Ventricular tachycardiaတို့ဟာနှလုံးတုန် ရင်တုန်ခြင်းကို ဖြစ်စေတဲ့ နှလုံးပြဿနာတွေပါ။
( ၁၀) မူးယစ်စိတ်ကြွဆေးတွေ
မူးယစ်စိတ်ကြွဆေးတွေဖြစ်တဲ့
• Cocaine ( ကိုကင်း) – သွေးပေါင်ကိုတက်စေတယ်။ နှလုံးခုန်မြန်စေတယ်။ နှလုံးကြွက်သားတွေကိုထိခိုက်စေတယ်
• Amphetamines – ဦးနှောက်အာရုံကြောစနစ်အပေါ် သွားသက်ရောက်ပြီး နှလုံးတုန်စေပါတယ်။
• Ecstasy – norepinephrine လို့ခေါ်တဲ့ ့ဓာတ်ပေါင်းတစ်မျိုးထွက်အောင် လှုံ့ဆော်တာကြောင့် နှလုံးတုန်ခြင်းကိုဖြစ်စေတတ်ပါတယ်။
ဘယ်ချိန်မှာဆရာဝန်ဆီသွားပြဖို့လိုမလဲ။
ပုံမှန် နှလုံးတုန်တဲ့ကိစ္စတော်တော်များများဟာအခန့်မသင့်မှ ဖြစ်တတ်တာမျိုးဖြစ်ပြီးတစ်ခါဖြစ်ရင် ခဏလေးနဲ့ ပြန်ပျောက်သွားတတ်တာမျိုးပါ။ ဒါပေမယ့်
• နှလုံးတုန်တာကိုယ်သတိထားမိလောက်အောင် ခဏခဏဖြစ်နြေ့ပီ
• နှလုံးတုန်တာနဲ့အတူရင်ဘတ်အောင့်တာ
• အသက်ရှူမဝတာ
• မူးဝေတာနဲ့
• သတိလစ်တာမျိုးတွေပါဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီးကိုယ့်နှလုံးကျန်းမာရေးလေးကိုစစ်ဆေးစေချင်ပါတယ်။

















