စတန်းဒက်လီဂီအားဂိုးပြတ်နိုင်ပွဲ မာတင်နယ်လီနှစ်ဂိုးသွင်းယူပြီး ဝီလ်လော့ခ်နှင့် ဆီဘယ်လော့စ် ဂိုးသွင်း

စတန်းဒက်လီဂီအားဂိုးပြတ်နိုင်ပွဲ မာတင်နယ်လီနှစ်ဂိုးသွင်းယူပြီး ဝီလ်လော့ခ်နှင့် ဆီဘယ်လော့စ် ဂိုးသွင်း

အာဆင်နယ်အသင်းနည်းပြအမ်မရီက ယူရိုပါလိဂ်အုပ်စု ဒုတိယပွဲအဖြစ် အိမ်ကွင်းတွင် စတန်းဒက်လီဂီအား လက်ခံ ကစားခဲ့ရာ လေးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ခြေစွမ်းပြခဲ့ သော လူငယ်ကစားသမားများကို ချီးကျူးပြောဆိုခဲ့သည်။

အာဆင်နယ်အသင်း၏ ပွဲထွက်လူစာရင်းမှာ အသင်းသမိုင်း တစ်လျှောက် ဥရောပပြိုင်ပွဲ ဒုတိယမြောက်အသက်အငယ်ဆုံး အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ နည်းပြအမ်မရီသည် တိုက်စစ်တွင် မာတင်နယ်လီကို အထောင်ထားခဲ့ပြီးကွင်းလယ်တွင် နယ်လ်ဆန်၊ ဝီလ်လော့ခ်၊ မိတ်လန်းနိုင်း၊ ဆီဘယ်လော့စ်နှင့် တော်ရဲရားတို့ကို အသုံးပြုခဲ့သည်။

တိုက်စစ်တွင်ပါ-ဝင်ခဲ့သော ဘရာဇီးသားမာတင်နယ်လီမှာ ပွဲချိန်အစောပိုင်း၌ပင် နှစ်ဂိုးသွင်းပေးခဲ့သည်။ အာဆင်နယ် အတွက် တတိယဂိုးကို ဝီလ်လော့ခ်က ပွဲချိန် ၂၂ မိနစ်တွင် သွင်းယူခဲ့ပြီး အပိတ်ဂိုးကို ဆီဘယ်လော့စ်က ဒုတိယပိုင်း ၅၇ မိနစ်၌သွင်းယူခဲ့၍ လေးဂိုးပြတ်နိုင်ခဲ့သည်။

အာဆင်နယ်သည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု (၂၆)ကြိမ်ရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့်ကစား ခဲ့သည်။ အာဆင်နယ်နည်းပြအမ်မရီက "ကျွန်တော်တို့ အနေနဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးခဲ့ပါ တယ်။ လူငယ်ကစားသမားတွေကလည်း ရရှိလာတဲ့အခွင့် အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ဒါက ပြီးပြည့် စုံပါတယ်။ ဒီညမှာ လူငယ်ကစားသမားတွေက သူတို့ ဘယ်လိုခြေစွမ်းပြနိုင်သလဲ၊ အမြင့်ဆုံးခြေစွမ်းနဲ့ ဘယ်လို ကစားနိုင်သလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဂိုးပြတ်နိုင်ပွဲက ကျေနပ်စရာကောင်းပါတယ်။ မာတင်နယ်လီဆိုရင် သူ့ရဲ့ ဆာလောင်နေမှုကိုပြသခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းက အံ့မခန်း ပါပဲ။ ဒီပုံစံအတိုင်း သူဆက်ကစားနိုင်ရင် တော်တော်လေး ကောင်းပါလိမ့်မယ်"ဟု ချီးကျူးခဲ့သည်။

အာဆင်နယ်နည်းပြအမ်မရီသည် ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို အရန်ကစားသမားအဖြစ်ပင် အသုံးမပြုခဲ့ ခြင်းမှာ အိုဇေးလ်အနေဖြင့် ပွဲထွက်ခွင့်နှင့်မထိုက်တန်၍ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး