ဆိုးလ်ရှားအား အချိန်ပေးရန်လိုအပ်ဟု ရွိုင်ယန်ဂစ်ပြောဆို နော်ဝေသားလက်ထက် မန်ယူ ၁၉ ပွဲနိုင်၊ ကိုးပွဲသရေ၊ ၁၁ ပွဲရှုံးနိမ့်ခဲ့

ဆိုးလ်ရှားအား အချိန်ပေးရန်လိုအပ်ဟု ရွိုင်ယန်ဂစ်ပြောဆို နော်ဝေသားလက်ထက် မန်ယူ ၁၉ ပွဲနိုင်၊ ကိုးပွဲသရေ၊ ၁၁ ပွဲရှုံးနိမ့်ခဲ့

မန်ယူ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့သော ရိုင်ယန်ဂစ်က ဖိအားများရင်ဆိုင်နေရသည့် မန်ယူနည်းပြ ဆိုးလ်ရှားအား အချိန်တစ်ခု ပေးကိုပေးရမည်ဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။

ဝေးလ်တောင်ပံကစားသမား ဟောင်း ရိုင်ယန်ဂစ်နှင့် ဆိုးလ်ရှားတို့သည် မန်ယူအသင်းတွင် အတွဲညီခဲ့ကြပြီး မန်ယူကစားသမားဘဝ အောင်မြင်မှုများ လည်း ပိုင်ဆိုင်ခဲ့သည်။ ရိုင်ယန်ဂစ်သည် လက်ရှိအချိန်တွင် ဝေးလ်လက်ရွေးစင်အသင်းကို နည်းပြနေပြီး ဆိုးလ်ရှားမှာ မန်ယူယာယီနည်းပြအဖြစ်မှ အမြဲတမ်း နည်းပြအဖြစ် တာဝန်ယူနေသည်။

မန်ယူသည် ယခုနှစ်ဘောလုံးရာသီ အစ၌ပင် ရလဒ်များယိမ်းယိုင်နေပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်၌ ရုန်းကန်နေရသည်။ မန်ယူအသင်းသည် ကြားရက်က အယ်လ်ခမာနှင့် ယူရိုပါလိဂ်အုပ်စုဒုတိယပွဲ ကစားခဲ့ရာ တစ်ပွဲလုံးတွင် ဂိုးပေါက်တည့် ကန်သွင်းမှု မရခဲ့ပေ။ ဆိုးလ်ရှားအား ကလော့ပ်၊ ဂွာဒီယိုလာကဲ့သို့ အချိန်တစ်ခုပေးရမည်ဟု ရိုင်ယန်ဂစ်က ယုံကြည်နေခြင်း ဖြစ်သည်။

ရိုင်ယန်ဂစ်က"လွန်ခဲ့တဲ့လေးငါးနှစ်အတွင်း မန်ယူ အသင်းဟာ နည်းပြအပြောင်းအလဲတွေနဲ့ ရောသမမွှေဖြစ် ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူနည်းပြအလုပ်က တော်တော်လေးခက်တယ်။ ဆိုးလ်ရှားကလည်း ကံမကောင်း ဘူးဖြစ်နေတယ်။ ကလော့ပ်ဆိုရင် လီဗာပူးနဲ့ လေးနှစ် ရှိပြီ။ ဂွာဒီယိုလာလည်း အချိန်တစ်ခုရခဲ့တယ်။ ပိုချက်တီနို ဆိုရင်လည်း စပါးအသင်းမှာ ခြောက်နှစ်ရှိပြီ။ ဆိုးလ်ရှား ကိုလည်း အချိန်ပေးရဦးမှာပါ"ဟု ပြောဆိုခဲ့သည်။

ဆိုးလ်ရှားသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မန်ယူ အသင်းယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး အမြဲ တမ်းနည်းပြဖြစ်လာခဲ့သူဖြစ်သည်။ ဆိုးလ်ရှားလက်ထက် မန်ယူမှာ ၃၉ ပွဲကစားခဲ့ရာ ၁၉ ပွဲနိုင်၊ ကိုးပွဲသရေ၊ ၁၁ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး နိုင်ခြေရာခိုင်နှုန်း ၄၈ ဒသမ ၇ ဖြစ်သည်။ ဆိုးလ်ရှားသည် မိုလ်ဒီနှင့် ကာဒစ်ဖ်ကို နည်းပြခဲ့ဖူးသည်။



ဖတ်ရှုမှုအများဆုံး