ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် နည်းပြ ဗယ်ဘာဒီကို ထုတ်ပယ်ဖြစ်ခဲ့ပါက အစားထိုးရန်အတွက် အာဂျင်တီးနားကလပ် ရေးဗားပလိတ်နည်းပြ မာဆယ်လိုဂယ်လာဒိုနှင့် အစားထိုးရန် အစီအစဉ်များ ရှိနေပြီဖြစ်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့သည်။
ဘာစီလိုနာ အသင်းသည် လာလီဂါ ချန်ပီယံဆုဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင် ချန်ပီယံဆု ကာကွယ်ရမည်ဖြစ်သည်။ ဘာစီ လိုနာသည် ယခုနှစ် ဘောလုံးရာသီအစ၌ပင် ရလဒ်များ မတည်မငြိမ်ဖြစ်နေပြီး အသင်းခြေ စွမ်းမှာလည်း အကျဘက်ရောက်နေသည်။
အဓိကတိုက်စစ်မှူး မက်ဆီမှာ ဒဏ်ရာ ကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရပြီး ပုံစံကောင်းမရသေးပေ။ အက်သလက်တီကိုမှ ပြောင်းရွှေ့ခဲ့သောပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ် မန်းမှာလည်း ဘာစီလိုနာကစားကွက်နှင့် အသားကျရန် အချိန်ယူရဦးမည်ဖြစ်သလို သုံးဂိုးသာသွင်းယူပေးထားသည်။
ရာသီအစ ရလဒ်များမတည်ငြိမ်ဘဲ ခြေစွမ်းကျဆင်းနေ၍ ဖိအားများနေသော နည်းပြ ဗယ်ဘာဒီမှာ လက်ရှိအချိန်အထိ ရာထူးတည်မြဲနေသည်။ သို့သော် ရလဒ်များ ထပ်မံဆိုးရွားနေပါက ဗယ်ဘာဒီမှာ ထုတ်ပယ်ခံရရန် အခြေအနေများ ရှိနေသည်။ ဘာစီလိုနာသည် ဗယ်ဘာဒီကို ထုတ်ပယ်ခဲ့ပါက နည်းပြဂယ်လာဒိုကို ဦးစားပေး ခေါ်ယူရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
ဂယ်လာဒိုသည် တောင်အမေရိက အင်အား ကြီး ရေးဗားပလိတ်ကို ကိုင်တွယ်ရင်း အောင် မြင်မှုများလည်း ပိုင်ဆိုင်ထားပြီး အာဂျင်တီးနား ကလပ်တွင် ငါးနှစ်ကြာမြင့်နေပြီဖြစ်သည်။ ဘာစီလိုနာသည် လွန်ခဲ့သောအချိန်များကလည်း အာဂျင်တီးနားမှနည်းပြတစ်ဦးဖြစ်သည့် မာတီ နိုကိုခေါ်ယူခဲ့ဖူးသည်။ နည်းပြမာတီနိုသည် ၂၀၁၃ ခုနှစ်က ဘာစီလိုနာသို့ရောက်ရှိခဲ့သူ ဖြစ်ပြီး တစ်ရာသီသာ ခံခဲ့သည်။
ဂယ်လာဒိုသည် ကစားသမားဘဝက မိုနာကိုနှင့် ပီအက်စ်ဂျီတွင် ကစားခဲ့ဖူးသည်။ ဂယ်လာဒိုသည် အာဂျင်တီးနားအသင်းအတွက် ၄၄ ပွဲကစားခဲ့သည်။ ၎င်းသည် ရေးဗားပလိတ် နှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေ ကြောင်းသိရသည်။















