ဗဟန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်၌ အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ဗဟန်းမြို့နယ် ငါးထပ်ကြီးအနောက်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်လဲနေကြောင်း သတင်းအရ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သိန်းဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါတည်းခိုခန်း၏ ၅ လွှာအခန်းတစ်ခုအတွင်း မင်္ဂလာဒုံမြို့နယ်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးမှာ ဆေးလိပ်ပြာထည့်သည့်ဖန်ခွက်၊ ဘရိတ်ဓားအသုံးပြုကာ ဝဲ/ယာလက်ကောက်ဝတ်ပြတ်ဒဏ်ရာ ရှစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ရှစ်ချက်၊ လည်ပင်းဖူးရောင်ဒဏ်ရာများရရှိအောင် ပြုလုပ်ထား သည်ကိုတွေ့ရပြီး မိခင်ဖြစ်သူထံ လူမှုရေးကိစ္စများသိရှိစေရန် ရေးသားထားသည့် စာတစ်စောင်ကိုလည်းသက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။
ဒဏ်ရာရရှိသူ အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ကုသခဲ့ရပြီး မိမိကိုယ်ကိုယ် ဒဏ်ရာရရှိအောင် သေကြောင်းကြံစည်ခဲ့သည့် အမျိုးသမီးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဗဟန်းမြို့မရဲစခန်းက (ပ)၂၂၂၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားပြီး မိခင်ဖြစ်သူနှင့် အဆက်အသွယ်ရရှိရန် သက်ဆိုင်ရာက စီစဉ်ပေးလျက်ရှိသည်။
















