၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ၁၀ ဦးတို့၏ အစည်းအဝေးရလဒ်အကောင်အထည်မဖော်နိုင်ခဲ့သည်မှာ ငြိမ်းချမ်း ရေးအတွက် နစ်နာခဲ့ရကြောင်း ထိပ်သီးအစည်းအဝေး၌ပါဝင်ခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုခဲ့သည်။
"ထိပ်သီးအစည်းအဝေးပြီး ကေအင်န်ယူကလည်း ဒီသဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးဆိုပြီး တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ထွက်သွားတယ်။ အာရ်စီအက်စ်အက်စ်ကလည်း ထွက်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအစည်းအဝေးက သဘောတူညီချက်တွေဟာ ဒီအတိုင်းပဲပျက်ပြယ် သွားရတယ်"ဟု ၎င်းကပြောဆိုသည်။
သဘောတူညီချက်ရှစ်ချက်
ရွှေစံအိမ်ဟိုတယ်၌ ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးက သဘောတူညီချက် ရှစ်ချက်ရရှိခဲ့သည်။ ယင်းတို့မှာ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျင်းပရန်မျှော်မှန်းထားသည့် ညီလာခံ သုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေး အတွက် လိုအပ်သည့်အချိန်ဇယားနှင့် ဦးစားပေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့်ကိစ္စရပ် များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံ ရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ ခေါင်းဆောင်များ အကြား သဘောတူညီချက်များရယူပြီး ယင်း သဘောတူညီချက်များကို ကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို စတင်ဆွေးနွေးရေး၊ အင်န်စီအေလက်မှတ်မထိုး ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးပါဝင်လာရန် ကြိုးပမ်းဆောင် ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာ အောင်ဆောင်ရွက်ရာတွင် အင်န်စီအေပါသဘော တူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံကာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့ကိုရှေးရှု၍လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့် အရေးများ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ် များနှင့်အညီ တည်ဆောက်သွားရန်တို့ဖြစ်သည်။ သို့သော်လည်း ယခုအခါ ဆွေးနွေးပွဲတစ်နှစ်ပြည့် သည်အထိ အကောင်အထည်မဖော်နိုင်ခဲ့ ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံးနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီတို့သည်လည်း ယခုအချိန်အထိ အစိုးရ၏ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းပေါ် ပြန်မတက်သေးကြောင်း သိရသည်။
















