ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီး အသင်းသည် ပွဲစဉ်(၈)တွင် အိမ်ကွင်းကစား ခဲ့ရသော်လည်း ဝုလ်အသင်းအား မထင်မှတ်ဘဲ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် အမှတ်လျော့ ခဲ့ပြီး ဦးဆောင်သူ လီဗာပူးအသင်းနှင့် ရှစ်မှတ် အထိ ကွာဟလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
မန်စီးတီးနှင့် ဝုလ်တို့၏ပွဲကို ပရိသတ် ငါးသောင်း ကျော် အားပေးခဲ့ကြပြီး မန်စီးတီးမှာ ပွဲပြီးခါနီး ၁၀ မိနစ်အတွင်း နှစ်ဂိုးပေးခဲ့ရသည်။ ဝုလ် အသင်းအတွက် ဂိုးများကို ထရာအိုရေး တစ်ဦး တည်းက နှစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဂိုးဖန် တီးပေးခဲ့သော ဂျီမီနက်ဇ် ဘောလုံးပေးပို့မှု လည်း အမှားအယွင်းမရှိခဲ့ပေ။
မန်စီးတီးသည် ပရီးမီးယားလိဂ် ရှစ်ပွဲကစား ပြီးချိန်၌ ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ သွင်းဂိုး ၂၇ ဂိုး၊ ပေးဂိုး ကိုးဂိုး (၁၆)မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ မန်စီးတီး သည် ဝုလ်နှင့်ပွဲတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၁၈ ကြိမ်ရှိခဲ့သော်လည်း နှစ်ကြိမ်သာ ဂိုးပေါက် တည့်ခဲ့သည်။ ဝုလ်သည် ဂိုးပေါက်တည့် ကန် သွင်းမှု နှစ်ကြိမ်စလုံး ဂိုးဝင်ခဲ့သည်။
ယခုနှစ် ရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲ ကြုံတွေ့ခဲ့သော်လည်း မန်စီးတီးနည်းပြ ဂွာဒီ ယိုလာက ၎င်းတို့အနေဖြင့် လီဗာပူးအသင်းကို အမီလိုက်နိုင်မည်ဟု ယုံကြည်ဆဲဖြစ်ကြောင်း အသိပေး ပြောဆိုခဲ့သည်။
ဂွာဒီယိုလာ လက် အောက် မန်စီးတီးသည် ဝုလ်အား ရှုံးနိမ့်ခဲ့မှုမှာ ပရီးမီးယားလိဂ် အိမ်ကွင်း ၆၁ ပွဲတွင် လေးပွဲ မြောက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။
နည်းပြ ဂွာဒီယိုလာက "ကျွန်တော့်ကစား သမားတွေ ဘာလုပ်နိုင်သလဲဆိုတာ ကောင်း ကောင်းသိပါတယ်။ သူတို့ အများကြီး လုပ်ပြ နိုင်ဦးမှာပါ။ အမှတ်ကွာဟမှု ကြီးမားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ လက်ရှိအချိန်မှာ ရှစ် မှတ်ကွာနေတယ်ဆိုတာကို မစဉ်းစားတာက အကောင်းဆုံးပါပဲ။ အခုမှ အောက်တိုဘာပဲ ရှိပါသေးတယ်။ ပွဲတွေ အများကြီးကစားဖို့ ကျန်ပါသေးတယ်"ဟု ပြောဆိုခဲ့သည်။
မန်စီးတီးသည် အောက်တိုဘာ ၁၉ ရက် တွင် ပွဲစဉ်(၉)အဖြစ် ခရစ္စတယ်ပဲလေ့စ်ကွင်း၌ သွားရောက် ကစားရမည်ဖြစ်သည်။















