လေဒီတို့ရေ . . .
ဝလို့လှတာမှန်ပေမယ့် ဝတဲ့နောက်ကွယ်မှာချစ်စရာကောင်းတာတစ်ခုတည်းရှိနေတာမဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့နောက်ကွယ်မှာရောဂါအန္တရာယ်တွေပေါင်းစုံရှိနေပါတယ်။
လူကိုဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံးအန္တရာယ်ကြီးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆိုဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတစ်ခါလည်းအဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ပတ်သက်ပြီးသတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။
ရင်သားကင်ဆာဖြစ်စေနိုင်တဲ့အန္တရာယ်တွေတချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လိုကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သက်ဆိုင်ပါတယ်။
လှုပ်ရှားမှုနည်းတယ်လား
ပုံမှန်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ အထိုင်များတဲ့သူတွေမှာရင်သားကင်ဆာအန္တရာယ်ရှိနိုင်တယ်လို့ သုတေသနအထောက်အထားတွေကဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကိုအတိအကျအဖြေမထုတ်နိုုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အားထိန်းညှိမှုတွေရဲ့သက်ရောက်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။
The American Cancer Society ရဲ့အကြံပြုချက်အရတစ်ပတ်ကိုအတော်အသင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမိနစ် ၁၅၀ နဲ့ အားစိုက်ရတဲ့လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။
မလှုပ်ရင် ဝလာမယ်၊ ဝလာလိုု့ လေးလံပြီးပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲသံသရာလည်ရင်းရောဂါတွေတိုးလာနိုင်ပါတယ်။
ဝနေပြီဆိုရင်
နည်းနည်းလေးပြည့်လာတာနဲ့ ဝတယ်ဆိုတာမတူပါဘူးနော်။ တော်ကြာငါများဝနေပြီလားဆိုပြီးဆိုက်ကိုဖောက်ကုန်ပါဦးမယ်။ ကိုယ့်ရဲ့ BMI မှာ overweight( ကိုယ်အလေးချိန်များနေ)ဖြစ်နေပြီ၊ အဝလွန်ဘက်ရောက်နေပြီဆိုမှ စိတ်ပူသင့်ပါတယ်။
သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာအဝလွန်လာရင် ရင်သားကင်ဆာအန္တရာယ်ရှိပါတယ်။ သွေးမဆုံးခင်ကအက်စထရိုဂျင်ဟော်မုန်းအများစုကိုသားဥအိမ်ကနေထုတ်ပေးတာဖြစ်ပြီးအဆီတစ်ရှူးကတော့ အက်စထရိုဂျင်ပမာဏအနည်းငယ်သာထုတ်လုပ်ပါတယ်။
သွေးဆုံးပြီးတဲ့နောက် (သားဥအိမ်ကအက်စထရိုဂျင်မထုတ်တော့တဲ့အခါ) ဒီဟော်မုန်းကိုအဆီတစ်ရှူးဆီကအများဆုံးရရှိပါတယ်။သွေးဆုံးပြီးနောက်ပိုင်းအဆီတစ်ရှူးတွေများလာခြင်းကအက်စထရိုဂျင်ပမာဏကိုမြင့်တက်စေပြီးရင်သားကင်ဆာဖြစ်နိုင်ခြေကိုပိုများစေပါတယ်။
အကောင်းဆုံးကတော့ အစားအသောက်ကိုညီညွတ်မျှတအောင်စားသုံးပြီးလှုပ်လှုပ်ရှားရှားနေထိုင်ဖို့၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့ပါပဲ။
ဒါ့အပြင် ရင်သားကင်ဆာအန္တရာယ်ရှိစေနိုင်တဲ့ တခြားအချက်တွေကဘာတွေရှိသေးလဲဆိုတော့ –
အရက်သောက်ခြင်း
လေဒီတို့ကအရက်မသောက်ပါဘူး၊ ဝိုင်လေး၊ ဘီယာလေး၊ ကောက်တေးလေးသောက်တာပါဆိုလို့ မရဘူးနော်။ အယ်လ်ကိုဟောပါတာအကုန် ဒီထဲမှာအကျုံးဝင်ပါတယ်။ ကိုယ်သောက်တဲ့ပမာဏကိုလိုက်ပြီးရင်သားကင်ဆာအန္တရာယ်ကပိုပြီးတိုးလာတာပါ။
လေ့လာမှုတွေအရဝိုင်၊ ဘီယာဒါမှမဟုတ် အရက်တစ်ခုခုကိုတစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာအယ်လ်ကိုဟောမသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကိုတစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေကသတိပေးပါတယ်။
မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါလိမ့်မယ်။
ကလေးမမွေးဖူးခြင်း
ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် အသက် ၃၀ ကျော်ပြီးမှ ပထမဆုံးကလေးမွေးဖူးသူတွေမှာတခြားသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေအနည်းငယ်ပိုများပါတယ်။ အသက်ငယ်ငယ်မှာကိုယ်ဝန်ဆောင်ပြီးကလေးမွေးဖူးလေရင်သားကင်ဆာအန္တရာယ်ပိုနည်းလေဖြစ်ပါတယ်။
မိခင်နို့မတိုက်ဖူးခြင်း
ဒါကတော့ ကလေးမွေးဖူးတဲ့မိခင်တွေနဲ့ပဲဆိုင်မှာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းကရင်သားကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။
ရင်သားကင်ဆာဆိုတာမျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာမျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကိုဂရုစိုက်ပြီး ဖြစ်နိုင်ခြေကိုလျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကိုကျန်းမာရေးနဲ့ညီတာတွေပဲစားပါ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ ဆိုတဲ့အချက်သုံးချက်နဲ့တင် ရောဂါအတော်များများကိုကာကွယ်ပြီးသားဖြစ်စေပါတယ်။

















