တစ်နှစ်နီးပါးကြာတစ်ဆို့နေသည့် ငြိမ်းချမ်းရေးအတွက် ယခုလအတွင်း အခင်းအကျင်းသစ်ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ ဗိုလ်မှူးကြီးစိုင်းငင်းက အောက်တိုဘာ ၈ ရက်က သုံးသပ်ပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် သမိုင်းဝင်အပစ်ရပ်စာချုပ် ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ကမ္ဘာသိလက်မှတ်ရေးထိုးနိုင်ခဲ့၍ အောက်တိုဘာလသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထင်ကရ လတစ်လဖြစ်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စက်တင်ဘာ ၁၇ ရက်နောက်ပိုင်း တိတ်ဆိတ်ငြိမ်သက် သလိုရှိပေမယ့် လူမသိသူမသိ တိတ်တဆိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ အောက်တို ဘာမှာ အားလုံးက အလျှော့အတင်းပြုလုပ်ပြီး ငြိမ်းချမ်းရေးအတွက် အခင်းအကျင်းသစ်ကို ဝိုင်းဝန်းချမှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြန်လည်သက်ဝင်
အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရန် နည်းလမ်းရှာနိုင်ခဲ့ကြပြီဖြစ်၍ အောက်တိုဘာလသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သက်ဝင်လှုပ်ရှားလာမည့် အချိန်ကာလဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။ ရပ်တန့်နေသည့်အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့တို့၏ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်းတွင် ပြန်လည်ကျင်းပရန် ရှိနေပြီး အင်န်စီအေလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကိုလည်း အောက်တိုဘာ ဒုတိယပတ်ခန့်၌ ကျင်းပမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်သည်လည်း အောက်တိုဘာ ၁၅ ရက်တွင် လေးနှစ်ပြည့်မည်ဖြစ်ရာ ယင်းအခမ်းအနားအား အောက်တိုဘာ တတိယပတ်တွင်ကျင်းပမည်ဖြစ်ပြီး အချိန်ကြာ မြင့်စွာရပ်ဆိုင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဦးဆောင်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကိုလည်း ဆက်လက်ကျင်းပရန်ရှိသည်။
















