Gym ကစားတဲ့သူတော်တော်များများကအောက်ပိုင်းထိုင်ရမယ့်နေ့ဆိုအရမ်းကြောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားပြီးတာနဲ့ ချွေးတွေ အပြိုင်းပြိုင်းကျပြီးလမ်းကောင်းကောင်းမလျှောက်နိုင်၊ တင်တွေ၊ ပေါင်ကြောတွေ အောင့်ပြီးနည်းနည်းလှုပ်လိုက်တာနဲ့ ကိုက်ခဲညောင်းညာလာတတ်ကြတာကိုး။
နောက်တစ်ချက်ကတော့ ရင်အုပ်၊ လက်မောင်းကြီးဖို့ကိုပဲရည်မှန်းပြီး ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို လေ့ကျင့်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြတာပါ။
တကယ်တော့ ကျွန်တော်တို့ Gym ကစားပြီဆိုတာနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံးကိုလေ့ကျင့်ပေးရတာပါ။ အဲ့လိုမှမဟုတ်ဘဲအောက်ပိုင်းပဲကွက်ရှောင်မယ်ဆိုရင်တော့ ကြာလာရင် ဒုက္ခရောက်နိုင်တယ်နော်။
ဘယ်လိုပဲဖြစ်ဖြစ် Gym ကစားပြီဆိုကတည်းကကျန်းမာဖို့နဲ့ ကြည့်ကောင်းပြီးကိုယ်ခန္ဓာအချိုးကျဖို့ လာဆော့ကြတာဆိုတော့ အောက်ပိုင်းထိုင်မယ့်ရက်တွေဆိုမပျင်းပါနဲ့။
ဒီဆောင်းပါးကတော့ ယောကျာ်းလေးတွေအတွက် အဓိကရည်စူးထားတာဆိုလည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ Gym သေချာကစားတဲ့ မိန်းကလေးတွေကနေ့ရက်တွေတိုင်းမှာပုံမှန်ကစားသလောက် ယောကျာ်းလေးအများစုကရင်ဘတ်နဲ့ လက်မောင်းလေ့ကျင့်တဲ့ရက်တွေမှာအားသွန်ခွန်စိုက် ကစားပြီးအောက်ပိုင်းလေ့ကျင့်ရမယ့်ရက်ဆိုပျင်းပြီးမလာတာနဲ့ ကျော်လိုက်တာမျိုးအရမ်းလုပ်တတ်လို့ပါ။
ကိုယ့်သူငယ်ချင်းကောင်လေးတွေထဲမှာလည်းအောက်ပိုင်းမထိုင်ချင်ဘူးလို့ ညည်းနေတဲ့သူတွေ အများကြီးရှိမယ်ဆိုတာသတိထားမိမှာပါ။ ဒါကြောင့် အောက်ပိုင်းထိုင်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ အားသာချက်တွေကို ကျွန်တော်ကဒီဆောင်းပါးမှာဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။
အောက်ပိုင်းထိုင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ။
၁။ တင်ပါး၊ ပေါင်၊ ခြေသလုံးမှာရှိတဲ့ ကြွက်သားတွေကကိုယ်ခန္ဓာတစ်ခုလုံးကိုအလေးချိန်ကိုဟန်ချက်ညီအောင် ထောက်မပေးပါတယ်။ အဲ့လိုကြွက်သားတွေကအားပျော့နေတဲ့အခါ အပေါ်ပိုင်းကတော့ ဗလကြီးနဲ့ အောက်ပိုင်းကျတော့ လေတိုက်လိုက်တာနဲ့ ခြေမခိုင်ဘဲယိုင်ချင်သလို ဖြစ်နေရင် တော်တော်လေးကို ကြည့်ရဆိုးစေနိုင်ပါတယ်။
၂။ အောက်ပိုင်းကြွက်သားတွေကိုစနစ်တကျ လေ့ကျင့်ခြင်းမရှိတဲ့အခါ ကြက်ခြေထောက်လေးတွေလိုတိုတိုသေးသေးလေးတွေနဲ့ ပုံမကျပန်းမကျ ဖြစ်သွားနိုင်ပါတယ်။ ယောကျာ်းလေးအများစုကစားလိုက်တဲ့ အဆီတွေနဲ့ ကယ်လိုရီသည် ခါးနဲ့ ဗိုက်မှာသွားစုပါတယ်။ မိန်းကလေးတွေကတော့ ပြောင်းပြန် တင်ပါးနဲ့ ပေါင်မှာသွားစုတာပါ။ အဲ့တော့ နဂိုကမှ အဆီမရှိရတဲ့အထဲသေချာလေ့ကျင့်ခြင်းလည်းမရှိဘူးဆိုရင်တော့ အပေါ်ကြီးအောက်သေးနဲ့ ကြည့်လို့ တော်တော်အဆင်မပြေပါဘူး။
၃။ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေသည် ကိုယ်အလေးချိန်ကိုထိန်းညှိပေးရုံသာမကလေ့ကျင့်ခန်းလုပ်ရာမှာလည်းကိုယ် မ နေတဲ့ အလေးတုံးကို နိုင်စေဖို့၊ အားပိုစိုက်ထုတ်နိုင်စေဖို့ ကူညီပေးပါတယ်။ အဲ့တော့ ကြက်ခြေထောက်လိုဖြစ်ပြီးအားမရှိရင်တော့ အပေါ်ပိုင်းလေ့ကျင့်တဲ့အခါ တခြားသူတွေလောက် အားစိုက်ထုတ်နိုင်မှာမဟုတ်ဘဲထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်သွားနိုင်ပါတယ်။
၄။ တင်ပါးနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြွက်သားသည် အမျိုးသားတွေအတွက် အကြီးဆုံးကြွက်သားလို့လည်းဆိုနိုင်သလိုကျားဟော်မုန်းတက်စတိုစတီရုန်းထွက်ဖို့ကိုလည်းကူညီပေးပါတယ်။ ဒီကြွက်သားတွေကိုလေ့ကျင့်ခြင်းမရှိတဲ့အခါ ကျားဟော်မုန်းအထွက်နည်းသွားတာကြောင့် ကြွက်သားတည်ဆောက်တဲ့နေရာမှာလည်း နှေးသွားနိုင်ပါတယ်။
၅။ ကိုယ်ခန္ဓာအပေါ်ပိုင်းလေ့ကျင့်ခန်းတွေဟာ ကြွက်သားထုကိုတည်ဆောက်ဖို့အတွက်ဖြစ်ပြီးအောက်ပိုင်းလေ့ကျင့်ခန်းအများစုဟာအဆီပိုတွေနဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ အောက်ပိုင်းထိုင်မယ့်နေ့ကိုကျော်လိုက်တဲ့အခါ တည်ဆောက်လိုက်တဲ့ကြွက်သားတွေကအဆီတွေနဲ့ ရောသွားတာကြောင့် ကျစ်လျစ်မှုမရှိဘဲပျော့တွဲတွဲဖြစ်ကာ ကြွက်သားထုတည်ဆောက်မှုကိုလည်း နှေးကွေးစေပါတယ်။
၆။ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ခန္ဓာသန်စွမ်းမှုသည် ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာရှိတာမဟုတ်ပါဘူး။ အောက်ပိုင်းမှာရှိတဲ့ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေမှာလည်းရှိပါတယ်။ ဒီကြွက်သားတွေဟာကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုကိုပံ့ပိုးပေးတယ်၊ အားအင်တွေ အလွယ်တကူကုန်မသွားစေဖို့ ဖြည့်ပေးတယ်။ သက်လုံကောင်းစေပြီးအမောခံနိုင်စေတယ်။ ကိုယ်ခန္ဓာကောက်ကြောင်းအလှကိုလည်းပေါ်လွင်စေပါတယ်။
ကဲဒါကြောင့် Gym ကစားတဲ့သူတိုင်းအထူးသဖြင့် အမျိုးသားတွေအနေနဲ့ အောက်ပိုင်းထိုင်ရမယ့် ရက်ဆိုရင် မပျက်ဖို့နဲ့ မပျင်းဖို့ သေချာလေးဂရုစိုက်ပေးပါလို့ အကြံပြုရင်းဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

















