ချိန်းတွေ့နေသည့်စုံတွဲကို ခေါ်ယူပါးရိုက်ပြီး ဓားဖြင့်ထိုးတိမ်းရှောင်သူ သုံးဦးအနက် နှစ်ဦးဖမ်းမိ

ချိန်းတွေ့နေသည့်စုံတွဲကို ခေါ်ယူပါးရိုက်ပြီး ဓားဖြင့်ထိုးတိမ်းရှောင်သူ သုံးဦးအနက် နှစ်ဦးဖမ်းမိ

လှိုင်သာယာမြို့နယ်တွင် အမှောင်အတွင်းချိန်းတွေ့နေသည့် စုံတွဲကို ခေါ်ယူပါးရိုက်ပြီး ဓားဖြင့်ထိုးကာ တိမ်းရှောင်နေသူ သုံးဦးအနက် နှစ် ဦးအား အောက်တိုဘာ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်း၊ လှသိင်္ဂီလမ်း၊ တိုကျိုမိုက်စက်ရုံဘေး၌ လူတစ်ဦးဓားထိုးခံရသဖြင့် အနီးနားရှိ အဆောင်နေထိုင်သူများက လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

ဒဏ်ရာရရှိထားသူမှာ လှိုင်သာယာစက်မှုဇုံ ၂ ကနောင်မင်းသားကြီးလမ်းနေ သီဟဇော်၊(၂၄)နှစ်ဖြစ်ပြီး ဝမ်းဗိုက် ဝဲဘက် ထိုးသွင်းဒဏ်ရာ (အူထွက်လျက်)၊ ယာခြေသလုံးပြတ်ရှဒဏ်ရာများရရှိခဲ့သောကြောင့် ဒုရဲအုပ်ဇော်ထက်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက(ပ) ၅၅၇၀/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်စုံစမ်းနေစဉ် ဒဏ်ရာရရှိသူမှာ စက်တင်ဘာ ၂၁ ရက် သန်းခေါင်းကျော် နံနက် ၁၂ နာရီ ၅၅ မိနစ်တွင် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် မူလအမှုဖွင့့်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ပြောင်းလဲအမှုဖွင့်ခဲ့သည်။

သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်ပြီးနောက် တိမ်းရှောင်နေသူ လှိုင်သာယာမြို့နယ် ညောင်ရွာ မြေနီလမ်းနေ ဖြိုးမင်းသူ(ခ)ဂွကြီး(၂၂)နှစ်ကို လှိုင်သာယာမြို့နယ်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်မှလည်းကောင်း၊ ၄င်းကို စစ်ဆေးချက်အရ အမှုတွင်ပါဝင်သူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မွန်းလိုက် ကျေးရွာနေ ကျော်ကြီး(ခ)ကျော်မင်းစိုး(၂၃)နှစ်ကိုလည်းကောင်း အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။

ဖြိုးမင်းသူ(ခ)ဂွကြီးကိုစစ်ဆေးချက်အရ အခင်းဖြစ်နေ့က ညပိုင်းတွင် ကျော်ကြီး(ခ)ကျော်မင်းစိုး၊ ကိုကရင်(စစ်ဆေးဆဲ)နှစ် ဦးနှင့်တွေ့ဆုံခဲ့ပြီး ကနောင်မင်းသားလမ်းရှိ ဘီယာဆိုင်တွင် ဘီယာ သောက်ခဲ့ကြကြောင်း၊ထို့နောက်ကျော်ကြီး(ခ) ကျော်မင်းဦးက ညောင်ဝိုင်းရှိဖဲဝိုင်းသို့သွားရန် ပြောသဖြင့် ငြင်းဆိုခဲ့သော်လည်း မင်းမလိုက်လျှင် မင်းကိုလုပ်မည်ဟု ကျော်ကြီး (ခ) ကျော်မင်းဦးက ပြောသဖြင့် ၎င်းတို့နှစ်ဦးနှင့်အတူ ညောင်ရွာရှိနာရေးဖဲဝိုင်းသို့လိုက်ပါ သွားခဲ့ကြောင်း ထွက်ဆိုသည်။

ထို့နောက် ဆိုင်ကယ်ကို ကျော်ကြီး (မ) ကျော်မင်မှ မောင်းနှင်ပြီး ကိုကရင်နှင့် ၄င်းတို့က နောက်မှလိုက်ပါခဲ့ကြောင်း၊ ကနောင်မင်းသားကြီးလမ်းမှ လှသိင်္ဂီလမ်းဘက်သို့ ချိုးကွေ့ကာ မောင်းနှင်ခဲ့ပြီး အဆိုပါလမ်းမှ ပန်းလှိုင်ဂေါက်ကွင်းဘက်သို့ မောင်းနှင်ခဲ့ရာ တိုကျို ပိုက်စက်ရုံထောင့်အရောက်တွင် ပိုက်လုံးပေါ်၌စုံတွဲတစ်တွဲထိုင်နေသည်ကိုတွေ့မြင်ခဲ့ကြောင်း ၎င်းက သက်ဆိုင်ရာထံ ထွက်ဆိုသည်။

လှသိင်္ဂီလမ်းနှင့်ပန်းလှိုင်ဂေါက်ကွင်းလမ်းထောင့်အရောက်တွင် ကျော်ကြီး (ခ) ကျော်မင်းစိုးက ဆိုင်ကယ်ကို ရပ်လိုက်ပြီး အဲဒီအတွဲကို ငါ့ဆီခေါ်ခဲ့ဟုပြောဆိုရာ ၎င်းကမခေါ်ရဲသဖြင့် ကိုကရင်က သွားရောက်ခေါ်ယူခဲ့ကြောင်း၊ ကောင်လေးနှင့်ကောင်မလေး ရောက်ရှိလာစဉ် အမှောင်ထဲတွင် ချိန်းမတွေ့ရန် ကျော်ကြီး(ခ) ကျော်မင်းစိုးက ပြောဆိုကာ ကောင်မလေးကို ပါးရိုက်ခဲ့ကြောင်း၊ ကောင်လေးနှင့်စကားများခဲ့ပြီး ခြေထောက်နှင့်ကန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၎င်းတို့ စုံတွဲက ကန်တော့တောင်းပန်နေစဉ် ကျော်ကြီး(ခ) ကျော်မင်းစိုးက ခြေထောက်နှင့်ကန်ကာ ကရင်ထံမှ ဓားတောင်းယူ၍ လဲကျနေသည့် ကောင်လေးပေါ်မှ ခွ၍ ဓားဖြင့်ထိုးခဲ့ကြောင်း ၊ ကောင်လေးမှာ ဓားဖြင့်ထိုးသော်လည်း အော်ဟစ်ခြင်းမရှိဘဲ(၅)မိနစ်ခန့်အကြာတွင်ပက်လက်လန်လျက်ငြိမ်ကျသွားခဲ့ကြောင်း သက်ဆိုင်ရာထံ ဆက်လက်ပြောကြားသည်။

ထို့နောက် ၎င်းတို့ ဆိုင်ကယ်ဖြင့်ထွက်လာခဲ့ကြောင်း၊ ညောင်ရွာဈေးထိပ်အရောက် ကျော်ကြီး(ခ) ကျော်မင်းစိုးနှင့် ကရင်တို့ ဆိုင်ကယ်ရပ်ကာ လူအများနှင့် စကားများနေခဲ့စဉ် ၎င်းကအိမ်သို့ ပြန်လာခဲ့ရာမှ သူတို့နှင့်မတွေ့တော့ကြောင်း ဆိုသည်။

အလုပ်နားသည့် အောက်တိုဘာ ၈ ရက်၌နေအိမ်တွင်ရှိနေစဉ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဖြိုးမင်းသူ(ခ)ဂွကြီးက သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။

သက်ဆိုင်ရာက အမှုတွင်ပါဝင်ပြီးတိမ်းရှောင်နေသူ ကရင် (စုံစမ်းဆဲ)ကို ဆက်လက်စုံစမ်းလျက်ရှိပြီး ၄င်းတို့ကို ဥပဒေနှင့် အညီဆက်လက် အရေးယူဆောင်ရွက်ထားသည်။