မူးယစ်ပုဒ်မဖြင့် အဖမ်းခံရသည့် အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးကို ယနေ့ အချုပ်မှပြန်လွှတ်ပေး

မူးယစ်ပုဒ်မဖြင့် အဖမ်းခံရသည့် အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးကို ယနေ့ အချုပ်မှပြန်လွှတ်ပေး

ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ပုဒ်မဖြင့် ဖမ်းဆီးခံခဲ့ရသည့် အဆိုတော်ဖြိုးပြည့်စုံပါသုံးဦးကို ယနေ့ အောက်တိုဘာ ၉ရက် ညနေ ၃ နာရီခွဲ၌ အချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်သိန်းက မြန်မာတိုင်းမ်သို့ ပြောသည်။

ဓာတုဗေဒဝန်ရုံး၏ ပြန်ကြားချက်အရ မူးယစ်ဆေးဝါးမဟုတ်ခြင်းအရလည်းကောင်း၊ တရားစွဲဆိုရန် မသင့်ကြောင်း ဥပဒေက အကြံပြုချက်အရလည်းကောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ အချုပ်မှ လွှတ်လိုက်ပြီ ဖြစ်ကြောင်း ၄င်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက မူးယစ်သတင်းအရဟုဆိုကာ အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက် မြန်မာပလာဇာရှိ Gloria Jean's ကော်ဖီဆိုင်၌ ဖြိုးပြည့်စုံ(၃၂)နှစ်၊ ရော်နီစန်းလွင်(၃၂)နှစ်နှင့် ငြိမ်းချမ်းကို(၂၄)နှစ်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးပြီးနောက် မြန်မာပလာဇာရှေ့တွင် ရပ်ထားသည့် ဖြိုးပြည့်စုံ ပိုင်ဆိုင်သည့် Toyota Harrier ယာဉ်နှင့်အတူ အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ Play စာတမ်းပါ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား (၄ ဂရမ်)ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ခဲ့သည်။

ဗဟန်းမြို့မရဲစခန်းက မယ(ပ)၄၄/၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်ကာ ၎င်းတို့သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။